Thursday, December 31, 2009

စကားအင်္ဂါ (၁၀)ပါး

အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကိုသေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေ့ကျင့် သင့်ပေသည်. . . .

၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။

၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။

၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်စွာ စကား) ကိုပြောဆိုခြင်း။

၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။

၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။

၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။

၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။

၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။

၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။

၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။

အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။

(သီတဂူဆရာတော်၏ တရားတော်တစ်ခုထဲမှ ထုတ်နှုတ်တင်ပြပါသည်)

ဘုရားရှင်၏အံ့ဖွယ်တော် ( ၁၈ ) ပါး

(၁) ၀တ်တော်မူသော သင်္ကန်းတော်သည် ဖွပ်ဆိုးရခြင်း၊ ဟောင်းနွမ်းခြင်းမရြှိုခင်း။

(၂) ပရိက္ခရာ (၈)ပါးကို ဆောင်တော်မူလျှင် ကိုယ်နှင့်မထိ လက်လေးသစ်မျှကွာခြင်း။

(၃) တော်ထွက်တော်မူစဉ်က ပယ်ဖြတ်မူသောဆံတော်သည် လက်နှစ်သစ်မျှသာတစ်သက်ပတ်လုံး တည်တော်မူခြင်း။

(၄) ဆွမ်းစားပြီးသော် သပိတ်တော်ဆေးလျှင် လက်တော်စင် ၊ လက်တော်ဆေး ၊သပိတ်တော်စင်၏။

(၅) မုန်ညင်းစေ့မျှသော ကြုတ်ထဲသို့ ၀င်နိုင်ခြင်း။

(၆) ရောင်ခြည်တော် (၆)ပါး လွှတ်တော်မူသော် အရပ်(၁၀)မျက်နှာကို ဖောက်ထွင်းခြင်း။

(၇) ဝေနေယျသတ္တ၀ါသို့လိုက်၍ ကိုယ်တော်မှတစ်ပါး နိမ္မိတဘုရားပေါင်းများစွာဖန်ဆင်းနိုင်ခြင်း။ (အသေင်္ချေ)

(၈) ခေတ်သုံးပါးတို့၌ အမိုက်တိုက်ကိုလည်းကောင်း၊ အလင်းကိုလည်းကောင်း ပေးနိုင်ခြင်း။

(၉) အထက်ကောင်းကင်တွင် လ၀န်းကဲ့သို့ မြင်တော်မူခြင်း။

(၁၀) လူနတ်တို့၏စိတ်ကို အသာသယာနုသယဉာဏ်တော်ဖြင့် သိစွမ်းတော်မူခြင်း။

(၁၁) အသံတော်ရှစ်ပါးနှင့်တရားဟော်တော်မူရာအလုံးစုံသောပရိတ်သတ်တို့၏အနားသို့ ကပ်၍ဟောသကဲ့သို့ကြားရခြင်း။

(၁၂) ကျွတ်အံ့သော သတ္တ၀ါတို့ကို မဟာဂရုဏာ သမာပတ္တိဉာဏ်တော်ဖြင့်သိနိုင်ခြင်း။ ခပ်သိမ်းသော သတ္တ၀ါတို့အပေါ်တွင် ကရုဏာတရားပွားများအားကြီးခြင်း။

(၁၃) လူနတ်ဗြဟ္မာတို့၏ ကျွတ်မည့်အခါတည်းဟူသော အိနြေ္ဒအနုအရင့်ကို သိတော်မူခြင်း။

(၁၄) အထက်ပါ(၁၃)ပါးနှင့် ဥေယျဓံတရား(၅)ပါးကို သိနိုင်ခြင်း။

(၁၅) အလိုရှိ၍လက်တော်ကိုဆန့်လိုက်လျှင် သပိတ်တော်အလိုအလျောက် ရောက်လာခြင်း။

(၁၆) ရေအစုံ ၊ မီးအစုံနှင့် တန်ခိုးဖြာဋိကာပြနိုင်ခြင်း။

(၁၇) တာဝတိံသာသို့ အဘိဓမ္မာတရားဟော်တော်မူရန် ပကတိ သုံးဖ၀ါးနှစ်လှမ်းတည်းဖြင့် ကြွတော်မူနိုင်ခြင်း။

(၁၈) ဒေသစာရီကြွချီတော်မူလျှင် ခြေရာမတင်သည့်အပြင် မြေအညီအညွတ်ဖြစ်ရခြင်း။

PS: 29Dec2009 တွင် Forward e-mail မှရရှိသည်။

မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ

*မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ*

င်္Forward e-mail မှရရှိ တဲ့ မှတ်သားစရာ၊ လိုက်နာကျင်ကြံစရာလေးတွေပါ။

မြတ်စွာဘုရားရှင်က “မသေခင် သုတ္တန်” လို့ အဓိပ္ပါယ်ရတဲ့ “ပုရောဘေဒ သုတ္တန်” မှာ မသေခင် ဖြည့်ဆည်းရမယ့် ဘ၀ အရည်အသွေး တွေကို တစ်စုတစ်ဝေးတည်း ဟောကြားထား ပါတယ်။ မြင့်မြတ်တဲ့ လူသားတိုင်းနဲ့ မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓါတ် အရည်အသွေး၊ ဘ၀ အရည်အသွေးတွေ ဖြစ်လို့ အကျဉ်းဆုံး ချုပ်ပြီး ပြောပြချင်ပါတယ်။

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားရပါမယ်။ လုံးဝ မကင်းတောင် နည်းနိုင်သမျှ နည်းရပါမယ်။ အစွန်းထွက်တဲ့ တဏှာမျိုး၊ လွန်ကဲ ဖောက်ပြန်တဲ့ တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်။

ပြီးဆုံးခဲ့တဲ့ အတိတ်အကြောင်း၊ ဖြစ်မလာသေးတဲ့ အနာဂတ် အကြောင်းတွေကို မလိုအပ်ဘဲ တွေးတောနေပြီး စိတ်ပင်ပန်း မနေသင့်ပါဘူး။ မသေခင် ကိုယ်တကယ်ပိုင်တဲ့ ပစ္စုပ္ပန် တစ်ခဏလေးမှာပဲ စိတ်ကို တည့်တည့် ချထားပြီး လုပ်သင့် လုပ်ထိုက်တာကို အကောင်းဆုံး ဖြစ်အောင် လုပ်ရပါမယ်။

မသေခင်မှာ ကိုယ့်စိတ်ကိုယ် ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရ ပါမယ်။ ထစ်ကနဲရှိ ဒေါသ ထွက်တာမျိုး မလုပ်သင့်ပါဘူး။ သူလည်း တစ်နေ့သေ၊ ကိုယ်လည်း တစ်နေ့သေမယ့်ကိစ္စ ဘာလို့ဒေါသ ထွက်နေဦးမှာလဲ။

နေရာတကာမှာ စိတ်ပူပန်တတ်တဲ့ သူလည်း မဖြစ်သင့်ပါဘူး။ တိုတောင်းလှတဲ့ ဘ၀လေးကို စိတ် ပူလောင်မှုတွေနဲ့ ဘာလို့ အချိန် ဖြုန်းပစ်မှာလဲ။ စိတ်အေးအေး၊ ခေါင်းအေးအေးနဲ့ အရာရာကို ယောနိသော မနသိကာရ ထားတတ်ဖို့ အရေးကြီးပါတယ်။

ရှိတဲ့ဂုဏ်နဲ့ပဲ ဖြစ်ဖြစ်၊ မရှိတဲ့ ဂုဏ်နဲ့ပဲ ဖြစ်ဖြစ် ကြွားတတ်ဝါတတ်၊ ဂုဏ်ပြိုင်တတ်တာ မျိုးလည်း ရှောင်ကြဉ်ရပါမယ်။ ကိုယ်လုပ်တာ၊ ကိုယ်ပိုင်တာ လူတကာ လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာများ အကျိုးပြုနိုင်မှာ မို့လဲ။

လုပ်သင့်တာ မလုပ်ခဲ့မိ လေခြင်း၊ မလုပ်သင့်တာ လုပ်ခဲ့မိ လေခြင်းလို့ နောင်တရ စိတ် ပူပန်နေတာ မျိုးလည်း မဖြစ်သင့်ပါဘူး။ အသိမှန်၊ သတိမှန်ရတဲ့ အချိန်ကစပြီး လုပ်သင့်တာလုပ်၊ မလုပ်သင့်တာ မလုပ်ဘဲနေရင် မသေခင် ကိုယ့်ဘ၀ဟာ ကျေနပ်စရာ ကောင်းနေပါပြီ။

နှုတ်စောင့်စည်းသူ၊ စကားကို ဉာဏ်နဲ့ ချင့်ချိန် ပြောသူလည်း ဖြစ်ရပါမယ်။ အပိုစကားတွေ၊ အကျိုးမဲ့ စကားတွေကို စိတ်ထင်တိုင်း လျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေ ရှိမလာနိုင်သလို၊ မသေခင် ကိုယ့်ဘ၀လည်း ကျက်သရေ ရှိမလာနိုင်ပါဘူး။

မသေခင် ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့် တွေးတောပြီးလည်း အချိန်မဖြုန်းသင့် ပါဘူး။ ကုန်သွားတဲ့ အချိန်က ပြန်မရနိုင်တဲ့ အတွက် လက်ထဲ ရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှု အပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ် ရပါမယ်။

ကိုယ့်ရဲ့ လက်ရှိဘ၀ကို မကျေနပ်ဘဲ မရေရာ မသေချာတဲ့ အနာဂတ်ဘ၀ကို ပုံဖော် တပ်မက်နေတာမျိုးလည်း လုံးဝ မဖြစ်စေသင့်ပါဘူး။ ကိုယ်နဲ့ ထိုက်တန်လို့ ရလာတဲ့ ကိုယ့်ဘ၀ကို ကျေကျေနပ်နပ် လက်ခံပြီး နေတတ်အောင် နေရပါမယ်။ ပစ္စုပ္ပန်ဘ၀ကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာ ဘ၀တွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ။

ကံ ကံရဲ့အကျိုးမရှိ၊ ရှေးဘ၀၊ နောက်ဘ၀မရှိ အစရှိတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိ တွေလည်း ကင်းရှင်းနေရ ပါမယ်။ အယူမှားရင် အလုပ်မှားမယ်၊ အလုပ်မှားရင် အကျိုးတရားလည်း မှားပြီး ပစ္စုပ္ပန်မှာကော သံသရာမှာပါ ဆင်းရဲ ဒုက္ခတွေ ပင်လယ်ဝေရ ပါလိမ့်မယ်။

ကိလေသာ ဖြစ်မယ့်ကိစ္စ၊ အကုသိုလ် ဖြစ်မယ့် ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်။ ကိလေသာစိတ် မဖြစ်ရဲ၊ အကုသိုလ်အလုပ် မလုပ်ရဲတဲ့သူဟာ သူရဲကောင်း အစစ်ပါ။

ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုး လုံးဝ မပြုလုပ်ရပါဘူး။ အံ့ဖွယ် ထူးဆန်းတွေ လိမ်ညာ ဖန်တီးပြပြီး နာမည်ကြီး၊ လာဘ်ပေါ၊ ပရိသတ် များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘ၀ကို အမဲရောင် ဆိုးနေတာပါပဲ။

လူသားတွေရဲ့ မသေခင် ဘ၀ကို အရုပ်ဆိုး၊ အကျည်းတန်စေတဲ့ မနာလို၊ ၀န်တိုမှု (ဣဿာ၊ မစ္ဆရိယ) ကိုလည်း တွန်းလှန်နိုင်ရပါမယ်။ ကိုယ့်ထက်သာ မနာလိုတဲ့စိတ်၊ ကိုယ့်လိုပြည့်စုံမှာ ၀န်တိုတဲ့စိတ် လွှမ်းမိုးနေတဲ့ သူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိ အလောင်းကောင်ပါပဲ။

ကိုယ်အပြုအမူ ကြမ်းတမ်းသူ၊ နှုတ်အပြောအဆို ကြမ်းတမ်းသူ၊ စိတ်နေ သဘောထား ကြမ်းတမ်းသူ မဖြစ်စေရ ပါဘူး။

ကိုယ်ကျင့်တရား မကောင်းသူ (သီလမရှိသူ) ကို ပတ်ဝန်းကျင်က ရွံရှာ စက်ဆုပ်ကြပါတယ်။ မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရား ပျက်သူ မဖြစ်ပါစေနဲ့။

ချစ်ခင်နေသူ အချင်းချင်း၊ အဆင်ပြေနေသူ အချင်းချင်း ကွဲပြားအောင် လှုံ့ဆော်သူ၊ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့။ သူ့ရေစက်နဲ့သူ၊ သူ့အကြောင်းဆက်နဲ့ သူ၊ ခင်ကြ၊ အဆင်ပြေနေ ကြတာကို မနာလို ၀န်တိုဖြစ်ပြီး ကွဲပြားအောင် ကုန်းတိုက်တဲ့ သူလောက် ကျက်သရေ ယုတ်တဲ့သူ လောကမှာ မရှိတော့ပါဘူး။

မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်လို့ ခေါ်တဲ့ တံခါး ခြောက်ပေါက်ကနေ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားလို့ ခေါ်တဲ့ အာရုံ ခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာ ရေအလျင်တွေ စီးဆင်း မသွားအောင် စောင့်ရှောက်နိုင် ရပါမယ်။ မြင်- မြင်ကာမျှ၊ ကြား- ကြားကာမျှနဲ့ ပြီးအောင် သတိပဋ္ဌာန် တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ။

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘ၀င်မြင့်နေတဲ့ သူလည်း မဖြစ်စေရပါဘူး။ မာနကြီးတယ် ဆိုတာ အထင်ကြီးတာပါ။ ပစ္စည်း၊ ရုပ်ရည်၊ ပညာ၊ အာဏာ သူများထက် သာတယ်လို့ ထင်နေတဲ့ အထင်ကြီးနေ တာပါ။ အထင်ဟာ အထင်ပါပဲ၊ တကယ်မဟုတ် ပါဘူး။

မသေခင်မှာ တစ်နေ့ထက် တစ်နေ့ ဉာဏ်ပညာ ကြီးမားသူ ဖြစ်အောင် ကြိုးစားနေရ ပါမယ်။ လောကီဉာဏ်သာ မက လောကုတ္တရာ ဉာဏ်ပါရမှ လူ့ဘ၀ ဖြစ်ရကျိုး နပ်ပါတယ်။

ဘယ်အရာမျိုး မဆို ကိုယ်တွေ့အသိ မပါဘဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့ သူလည်း မဖြစ်စေရ ပါဘူး။ သိသင့် သိထိုက်တာ မှန်သမျှ သူတစ်ပါး ပါးစပ်မှာ လမ်းဆုံး၊ သူတစ်ပါး ပြောတာ ယုံနေရုံလောက်နဲ့ မပြီးဘဲ ကိုယ်တိုင်သိ၊ ကိုယ်တိုင် မြင်အောင် ကြိုးပမ်း အားထုတ်ရပါမယ်။

ဒါန၊ သီလ၊ သမထ၊ ၀ိပဿနာ ကုသိုလ် ကောင်းမှုတွေ ပြုလုပ်တဲ့ အခါမှာလည်း လာဘ်မျှော်တဲ့ စိတ်နဲ့ မပြုလုပ်ရပါဘူး။ လူမှုရေး လာဘ်လာဘလို့ ခေါ်တဲ့ ထင်ပေါ် ကျော်စောမှု၊ စီးပွားရာထူး တိုးတက်မှု၊ သံသရာ ကောင်းစားမှုတွေကို လုံးဝ မမျှော်ကိုးဘဲ သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့ စိတ်၊ သတ္တ၀ါအများ ကောင်းစားစေ လိုတဲ့ စိတ်နဲ့ ပြုလုပ်ကြရပါမယ်။

အကောင်းအဆိုး လောကဓံ အမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့ အခါမှာလည်း စိတ်မတက်၊ စိတ်မပျက်ဘဲ တည်တည် ငြိမ်ငြိမ်နဲ့ ခံနိုင်ရည် ရှိရပါမယ်။

သက်ရှိသက်မဲ့ တစ်ခုခုအပေါ် တပ်မက်စွဲလမ်းတဲ့ တဏှာကို အကြောင်းပြုပြီး ဘယ်သူနဲ့မှ ဆန့်ကျင်ဘက် မဖြစ်စေရ ပါဘူး။ တဏှာတစ်ခုခုရဲ့ နောက်မှာ ဆင့်ပွား အကုသိုလ် စိတ်တွေ၊ မကောင်းမှု ဒုစရိုက်တွေ တွဲပါမလာအောင် ထိန်းသိမ်း နိုင်ခြင်းဟာ အဆင့်မြင့် ပုထုဇဉ်တွေရဲ့ အရည်အချင်း တစ်ခုပါပဲ။

အစားအသောက်နဲ့ ပတ်သတ်ပြီး တော့လည်း ဒါမစားရ မနေနိုင်၊ ဒါမသောက်ရ မနေနိုင် တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရ ပါမယ်။ ရသ တဏှာကို ထိန်းချုပ် စောင့်စည်းနိုင်ရ ပါမယ်။

ကိုယ်အပြုအမူ ဖြစ်သမျှ၊ စိတ်အနေအထား ဖြစ်သမျှကို အမြဲ သတိကပ် ရှုမှတ်နိုင်တဲ့ အတွက်ကြောင့် ကြုံလာသမျှ အာရုံကောင်းဆိုး အမျိုးမျိုးကို မချစ်၊ မမုန်းဘဲ ဥပေက္ခာပြု အညီအမျှ ရှုနိုင်တဲ့သူ ဖြစ်ရပါမယ်။

ကိုယ့်အထက် လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်တန်းတူ လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ ကိုယ့်အောက်တန်း လူနဲ့ နှိုင်းယှဉ်တဲ့ မာန၊ မာနသုံးမျိုးလုံး ကင်းရှင်းရပါမယ်။

သေပြီးရင် အသက်ကောင်၊ ၀ိညာဉ်ကောင်လေး နောက်ဘ၀ လိုက်တယ်ဆိုတဲ့ သဿတ ဒိဋ္ဌိ၊ သေပြီးပြတ်တယ်၊ ဘာမှ မဖြစ်တော့ဘူး ဆိုတဲ့ ဥစ္ဆေဒ ဒိဋ္ဌိ၊ ဒီ ဒိဋ္ဌိနှစ်ပါးလည်း ကင်းရှင်းရပါမယ်။ ဒီ ဒိဋ္ဌိနှစ်ပါး ရှိနေရင် မသေခင် လုပ်ရမယ့် အလုပ်တွေ ကမောက်ကမ ဖြစ်ပြီး သံသရာမှာ ချောက်ကျရပါလိမ့်မယ်။

ကိုယ်နဲ့ ပတ်သတ် ဆက်စပ်နေတဲ့ သားသမီးစတဲ့ သက်ရှိ ပုဂ္ဂိုလ်တွေ၊ အိမ်၊ မြေ စတဲ့ သက်မဲ့ အရာဝတ္ထု တွေကို ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့မြေဆိုပြီး ငါစွဲကြီးကြီး၊ ငါ့ဥစ္စာ အစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့ စိတ်မျိုး ကင်းရှင်းရပါမယ်။

ဘာအလုပ်ပဲ လုပ်လုပ် ကိလေသာကို ရှေ့တန်းတင်တဲ့ အလုပ်၊ ကိလေသာကို ဆရာတင်တဲ့ အလုပ်မျိုး မဖြစ်အောင် သတိထားရပါမယ်။

ကိလေသာ အရင်းမခံဘဲ အလုပ်လုပ်နေ ပါရက်နဲ့ သူတစ်ပါးတို့က ကိလေသာ အရင်းခံတယ်လို့ ထင်ယောင် ထင်မှား စွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရ ပါမယ်။

“တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား” ဆိုတဲ့ အသိ စွဲစွဲမြဲမြဲ ရှိနေရပါမယ်။ အဲဒီအသိ စွဲစွဲမြဲမြဲ ရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူပန်တော့ဘူး။ ရှိပြီးတာ မရှိလို့လည်း မဆူညံတော့ ပါဘူး။

ချစ်ခြင်း၊ မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့် မလုပ်ထိုက်တာ လုပ်တဲ့ အဂတိ လိုက်စားမှုလည်း ကင်းရှင်းရပါမယ်။ အဂတိရဲ့ လားရာဟာ ဒုဂ္ဂတိပါ။

လောကမှာ လူသားတွေ မလုပ်သင့် မလုပ်ထိုက်တာ လုပ်၊ လုပ်သင့် လုပ်ထိုက်တာ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ။ ကိလေသာ ခေါင်းပါးလာတာနဲ့ အမျှ မလုပ်သင့် မလုပ်ထိုက်တာ တွေလည်း ရှောင်ကြဉ်နိုင်လာ ပါလိမ့်မယ်။ လုပ်သင့် လုပ်ထိုက်တာ တွေလည်း ဆောင်ငင်နိုင်လာ ပါလိမ့်မယ်။

မလုပ်သင့်တာ အားလုံး အကြွင်းမဲ့ ရှောင်နိုင်ပြီး လုပ်သင့်တာ အားလုံး အကြွင်းမဲ့ ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ ဘ၀လွတ်မြောက်မှုကို ရပါပြီ။ သေခြင်းတရားက အကြွင်းမဲ့ လွတ်မြောက်ပါပြီ။ ထပ်တလဲလဲ တစ်သေတည်း သေနေရတဲ့ အဖြစ်ဆိုး၊ ဒုက္ခဆိုးတွေက ထာဝရ လွတ်မြောက်ပါပြီ။ အနှိုင်းမဲ့ နိဗ္ဗာန်မှာ အကြွင်းမဲ့ ပျော်စံနိုင်ပါပြီ။

ဒါကြောင့် မသေခင် လုပ်ရမယ့် အလုပ်တွေထဲမှာ အရေးအကြီးဆုံး၊ ပဓာန အကျဆုံးကတော့ ကိလေသာ ခေါင်းပါးရေး အလုပ်၊ ကိလေသာ အမြစ်ပြတ်ရေး အလုပ်ပါပဲ။

Friday, November 20, 2009

အမှတ်တရ ချစ်သူငယ်ချင်း နှစ်ဦး

ကျွန်တော်မို့ တခုခုစလုပ်ပြီဆို သူငယ်ချင်းတွေကစိတ်ဝင်စားလေ့ရှိကြတယ်။ ကျွန်တော်က လည်း ကျွန်တော် ဟောင်ပွါ ဟောင်ပွါလျှောက်ပြောလေ့ရှိ ပြီး၊ အလုပ်လုပ်တဲ့နေရာမှာလဲ အသစ် အဆန်းကြီးမဟုတ် သည့်တိုင် တနည်းနည်းနှင့် သူများနဲ့ ကွဲပြားအောင်တော့ လုပ်လေ့ရှိသည်။ အဲဒီ အကျင့်ကြောင့်ပဲ မကြာခဏ သူတပါး မျက်မှုန်းကြိုးစွာ ယှဉ်ပြိုင်ခံရလေ့ ရှိသည်။ ကျွန်တော့မှာ နဂိုက လူတော်မဟုတ်ပဲ အသစ်အဆန်း လုပ်ချင်စိတ်သာရှိတာမို့၊ ကျွန်တော် လုပ်တဲ့ အလုပ်ကို သူငယ်ချင်းတွေ လိုက်လုပ်တော့လဲ ကျွန်တော့ ထက်ပိုတော် ပိုထူးချွန်ကြတာပါပဲ။ အဲဒီအတွက် တော့ဖြင့် ကျွန်တော့ မှာ တစိုးတစိ မှစိတ်အနှောက် အယှက်မဖြစ်ရပါ။ စိတ်အနှောက် အယှက်ဖြစ်ရတာက ခင်ခင် မင်မင်ပေါင်းတဲ့ သူငယ်ချင်း တွေ၊ အနိုင်လိုချင်တာ တခုတည်းနှင့် နေရာတိုင်းပြိုင်၊ ကိုယ်က ရိုးရိုးပြောလို့လဲ ရိုးရိုးမထင် နှင့် အင်မတန် မှစိတ်ညစ်ရပါသည်။

ကျောင်းတက်တုန်း ကလည်း သူငယ်ချင်းတစ်ယောက် တွေ့ဖူးပါသည်။ ကျွန်တော့မှာ အိမ်ကို အလုပ်ကူ လုပ်နေတာ တကြောင်း၊ ပိုက်ဆံ အများကြီး မတတ်နိုင်တာ တကြောင်းမို့၊ လစဉ်ကြေးမြင့် တဲ့ YTU ကျူရှင်များကို အပြည့်မယူနိုင်ပဲ၊ ကျူရှင် တက် သည့် ထို သူငယ်ချင်းဆီ မှာ အမြဲစာမေးရသည်။ သူကလည်း ကျွန်တော့ကို အမြဲ စိတ်ရှည် လက်ရှည် ရှင်းပြတတ်သည်မို့ အရမ်းလည်းကျေးဇူး တင်ပြီး တော်တော်လည်းခင်မိသည်။ သို့ပေမဲ့ ဖြစ်ပုံက စာမေးပွဲဖြေ တိုင်း ကျွန်တော့ ခုန်နံပတ်က သူ့ရှေ့ကအမြဲရောက်နေတတ်သည်။ ကြာတော့ သူလည်းလေ လောကီသား မို့ စိတ်ပေါက်လာပုံ ရပါရဲ့ စိတ်မကောင်းစရာ “မင်းလည်း အမြဲ ကံကောင်းမနေဘူး၊ ငါလည်းအမြဲ ကံဆိုး မနေဘူ” ဟုဆိုရှာသည်။ စ သတိထားမိသည် က ဒုတိယနှစ်မှာပါ။ Spot ရမည်ဖုန်းဆက်ပါဆို၍ ဖုန်းဆက်တော့ သူရသည့် Spot တွေပေးပါ သည်။ နောက်တနေ့မနက် ကျောင်းရောက်တော့ လမ်းမဘက်ကျောပေး ကာဒီပြင့်သူငယ် ချင်းတယောက်နှင့် စကားပြောနေသည် ကိုတွေ့ရသည်။ ကျွန်တော်လည်း ကျွန်တော့အကျင့် အတိုင်း ဒီကောင်တွေကို နှောက်ယှက်ရမည် ဟုအနားကပ် သွားမှသတိထားမိသည်၊ သူ ထိုသူငယ်ချင်းအားပေးနေ သောSpot များသည် ကျွန်တော့အားပေခဲ့ သည်များနှင်မတူပါ။ စာမေးပွဲပီး သွားမှ ကျွန်တော့အား အလွဲ Spot များပေးခဲ့ကြောင်း သဘောပေါက်ရသည်။ ကျွန်တော်လဲ သူ့စိတ်နေ စိတ်ထားသိရတော့ သတိထားပီးနေလို့ ရတာပေါ့ဟုသာ စိတ်ဖြေလိုက်ရသည်။

ကျွန်တော့ မှာ စိတ်ရှုပ်စရာကလည်း များသည် မို့ ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ် တွင် စာလည်း စိတ်မ၀င် စားတော့ ပါ၊ မဟာတန်းကို လည်းစိတ်ရှုပ်ထွေးခြင်း များစွာနှင့် ဆက်မတက် လိုတော့သည် မို့ အောင်ရုံလောက် သာမှန်း၍စာ ကြည့်တော့ သည်။ ၀မ်းမြောက်စရာ အဲဒီသူငယ်ချင်း ခုန်နံပတ် ခြောက်ခုလောက် ကျော်ပြီး ကျွန်တော့ရှေ့မှ အောင်သည်။ ဒါပေမဲ့ ရှေ့ဆုံးကတော့ မဟုတ်ပါ၊ သူ့ရှေ့မှာ ၁၀ ရောက်ကျော် ၁၂ ရောက်လောက်ရှိသေး သည်။ ကျွန်တော် စဉ်းစားမိသည်က ကျွန်တော့ ရှေ့ မှာရော၊ သူရှေ့မှာရော ခုန်နံပတ်မြင့် သူအများကြီးကို စံထား အလုပ်မလုပ်ပဲ၊ ကျွန်တော့ ကျမှယှဉ်ပြိုင်စရာ အဖြစ်သဘော ထားသည်ကို ခုထိလည်းစဉ်းစားမရပါ။ ဘာမဟုတ် တဲ့ ကျွန်တော် လို ငချွတ် ထက် ခုန်နံပတ်သာလွန်အောင် မြင်ခြင်း သည် ဘယ်လောက်များ သူ့ဘ၀ အတွက် တန်ဖိုးရှိလို့လဲ၊ ကျွန်တော်သိချင်လိုက်တာ။

ပြီးခဲ့သော တပတ်ကျော်က သူငယ်ချင်းတယောက် ကျွန်တော်တို့ကုမ္မဏီမှာပဲ အလုပ်ရသည် မို့ လိုက်ကြွေးသည့် ပွဲတွင် ထိုကျောင်းတုန်းက သူငယ်ချင်းနှင့်ပြန်ဆုံရသည်။ မတွေ့ တာလဲ ကြာပြီမို့ ထိုသူငယ်ချင်း နံမည်လဲ မေ့တေတေ…ကျွန်တော် ကိုယ်တိုင်ကလည်း မေ့တတ်တာ ပါ မည်။ စကားပြောချင်လျှင်ပင် နံမည်ကို မနည်းပြန်စဉ်းစားယူရသည်။ ကျွန်တော် ဟာအမြဲ ကံကောင်း နေသူ ဟူသော သူ၏ အမြင် မှာ ယ္ခုထိမပြောင်း လဲသေးပေ။ စကားစပ်မိသည့် ခဏ အတွင်း မှာ ပါပင် “ ငါတို့လဲ ကံကောင်းချင် လို့ ကုသိုလ်ရအောင် ကထိန်ခင်းမလို့ “ဟု ဆိုသည်။ အံ့သြောမိသော် လည်း ကျွန်တော် လုပ်ရမဲ့ အလုပ်အတိုင်း အများကို အလှူခံ ရင်ဖြင့် ကျွန်တော်လည်း ပါဝင်လှူဒါန်းမည် ဖြစ် ကြောင်းပြောခဲ့ရသည်။ အချိန်ရသော တနေ့နေ့မှ ကျွန်တော် နားလည်ထားသော ဗုဒ္ဓဘာသာ အလှူ နှင့် သူနားလည်ထားပုံ ကိုဖလှယ် ရဦးမည် ဟု မှတ်သားထား လိုက်မိသည်။ သံသရာမှ လွတ်ကြောင်းဦးထိပ် ထားကြသော ဗုဒ္ဓဘာသာတွင်၊ ဗုဒ္ဓဘာသာ ၀င်တို့ ဘာကြောင်တ၀ဲလယ်လယ် ဖြစ် နေသေးကြောင်း အနည်းဆုံး သင်ညာသိဖြင့်တော့ ရှင်းပြနိုင်မည်ဟု မျှော်လင့်မိသည်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆို သည့်အတိုင်း အထက်ကဆိုခဲ့သော သူငယ်ချင်းနှင့် ဆန့် ကျင်ဘက် စရိုက်သဘာဝထွန်းကား သောသူငယ်ချင်း တစ်ယောက်လည်း ကျွန်တော့ မှာရှိပါ သည်။ ထိုသူ နှင့် ကျွန်တော် သုံးတန်းနှစ်ကတည်းက သူငယ်ချင်းဖြစ်ပြီး၊ အသက်မွေးဝမ်း ကြောင်းတွေ မတူသည့်တိုင် ယ္ခုထိ အတွဲမပျက်ပါ။၎င်းသူငယ်ချင်း မှာထိုစဉ်က စာအင်မတန် တော်ပါသည်။ ပင်ကိုယ် ဥာဏ်ရည်ဥာဏ်သွေး ကောင်းသောကြောင့် လည်းကောင်း၊ မိဘနှစ်ပါး စလုံး မှာဆရာဝန်ဖြစ်၍လည်းကောင်း၊ ဆရာများ ချစ်ခင်ကာ အရေးပေးခံရသူ လည်းဖြစ်သည်။ ကျွန်တော်ကတော့ ချာတူးလန်၊ ဆရာဆူတာ ရိုက်တာ ခဏခဏ ခံရသည်။ သို့ပေမဲ့ မမှတ် ရိုက်တုန်းခဏသာ၊ ပြီးရင်အဆော့ မပျက်၊ အရိုက်ခံမပျက်။ ဘယ်လိုပင် သဘာဝမတူသော်လည်း ကျွန်တော် တို့အတွဲမပျက်ကြပါ။ အတူတူကစားသည် အတူတူတော့ စာမကြည့်ပါ။ သူလဲတော် မဲ့သာတော် သည် စာကိုအထူးအထွေ မကြည့်ပါ။ စာကြည့်မည်ဟု ဆိုကာကျွန်တော့ အိမ်ရောက်လာ (သို့မဟုတ်) သူ့အိမ်သွားကာ ကစားနေကြသည် ကများသည်။ အချိန်တန် သူ့ Roll ကရှေ့ မှာ ကျွန်တောက ပိတ်ချီး။ ကျွန်တော်လည်း သူ့ Roll ဘယ်တုန်းကမှမလိုချင်၊ သူကလည်း ဘယ်တော့ မှ Roll မကျ။ သို့နှင့် ၇ တန်းနှစ်တွင် သူငယ်ချင်းများနှင့် ခွဲ ဖို့အကြောင်း ပေါ် လာသည်။ အဒေါ်က ကျွန်တော့ အား ၁၀တန်းရောက် လျှင် နံမည်ကြီး လှသောင်းကျောင်း ၌ ထားလို၍၊ အခြေခံရအောင်ဟု ဆိုကာ ၇ တန်းနှစ်တွင် ရွှေပြည်သာ အလက ၃ ၌ ကျောင်း ပြောင်းထားရန် မေမေ့ အားတိုက်တွန်း ရာမှစ၍၊ ရွှေပြည်သာ သို့ကျောင်းပြောင်းတက်ဖြစ် သည်။ ၈ တန်းတွင် ကျွန်တော့ နယ်မှာသာ ကျွန်တော်ကျောင်းတက်ချင်သည် ဟူ၍ပြန်ပြောင်း လာမှ ထိုသူငယ်ချင်းနှင့်ပြန်တွေ့ရသည်။ ကျောင်းပြန်တက်သော အခါမှသတိထားမိသည် မှာ ဒီကောင်ကျောင်း စာတွင် စိတ်ဝင်တစား မရှိတော့ပါ။ ကျွန်တော် နှင့်အဆက် အသွယ် မရှိသည့် တနှစ်အ တွင်း ကြီးကောင်ဝင် လာ၍လည်းကောင်း၊ အပေါင်းအသင်းစုံ လာ၍ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ထင်ပါ၏ Roll နံပတ်များလည်း မကောင်းလှ တော့ပါ။ ထိုအချိန်မှာ မှစ၍ကျွန်တော်လည်း ကျွန်တော်ပျော်သည့် နေရာပြန်ရောက်ကာ စာစ ကြည့်ဖြစ်၍၊ စာတော်သူတစ်ယောက်ဟုဆရာများ၏ အသိအမှတ်ပြုမှုကို တစတစ ရလာသည်။ သို့ပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အခင်မပျက် အမင်မပျက် တတွဲတွဲသွားမြဲ၊ ကစားမြဲသာ။ ၉ တန်းရောက် တော့ ဒီကောင့်မိဘများက မန္တလေးသို့ ကျောင်းပြောင်းထား မည်ဟုဆို ကာ၊ မန္တလေးပြောင်းသွားသည်။ ၁၀ တန်းအောင်တော့ ကျွန်တော်က ၂ ဘာသာ ဂုဏ်ထူးနှင့် စက်မှုတက္ကသိုလ်ဝင်ခွင့်ရသည်၊ သူက ၁ ဘာသာဂုဏ်ထူးနှင့် သချာင်္မေဂျာဝင်း သွားသည်။ ၁၀ တန်းအောင်စာရင်းထွက် လာတော့ ကျွန်တော်မပျော်ပါ၊ ဒီကောင့်အတွက် တော့ စိတ်မကောင်းပင်ဖြစ်ရပါသည်။ ဆေးတက္ကသိုလ်ဝင် ဖို့အထိမှန်း နိုင်းသောကျွန်တော့သူငယ်ချင်း တက္ကသိုလ် ၀င်ခွင့် မေဂျာ ရွေးချယ် ချိန်တွင် အင်မတန်မှ စိတ်ထိခိုက်ပေလိမ့်မည်။ မင်းပြောင်းသွားလို့ဟု စကား ကြုံတိုင်း အပြစ်တင်မြဲ၊ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရမြဲ။ ဘာကိုအပြစ်တင်ရ မှန်းလည်း မသိ။ သို့ ပေမဲ့ သူနှင့် ကျွန်တော် အခင်မပျက် အဆွက်အသွယ် မပျက်ခဲ့ပါ။ ရန်ကုန်တွင် သူရှိနေချိန်၌ ကျွန်တော် ကျူရှင်သွားရာ သူ့ကားနှင့်လိုက်ပို့မြဲ။ ကျွန်တော်လည်း ပိုက်ဆံ ပြတ်လျှင် သူဆီမှ ချေးမြဲ။

တခါတခါတော့ ကျွန်တော်ခင်သည့် ထိုသူငယ်ချင်း ၂ယောက်ကို ယှဉ်ကြည့်မိသည်။ တယောက်မှာ အင်မတန်အေးချမ်း၍ တယောက်မှာ အင်မတန်မှ ယှဉ်ပြိုင်လိုစိတ်ပြင်းထန် သည်။ ထိုဆန့်ကျင်ဘက် သူငယ်ချင်း ၂ယောက်တွင် ကျွန်တော်သဘောကျသောတူညီချက် မှာ မည်သို့ပင်ဆိုးဝါးသော ဘ၀အပြောင်းအလဲနှင့်ကြုံကြုံ ကျရာနေရာပြန်ထနိုင်အောင်ကြိုး စားခြင်း၊ ကြိုးစားသည့် အတိုင်းပြန်လည်အောင်မြင်လာနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းအရာ အားလုံးသည် ဖြစ်ချိန်တန်၍လည်းကောင်း၊ အကြောင်းတိုက်ဆိုင်၍လည်းကောင်း ဖြစ်ခဲ့ကြသလို၊ ထိုသူငယ်ချင်း နှစ်ဦးမှာလည်း ကျွန်တော်ဖြတ်သန်းခဲ့ပြီးသော အတိတ်ကာလ များ၏ အမှတ်တရများပင်ဖြစ်ပေတော့သည်။

Wednesday, October 7, 2009

ယမမင်းနှင့်လင်္ကာဆရာ

ငါ့အသက်လည်းတစ်ရက်တစ်နေ့၊ တရွေ့ရွေ့ဖြင့်လင့်ခဲ့ဇရာ၊ ရော်ရင့်လာခဲ့ ။

ငါ့ဆံပင်လည်းငွေမျှင်သေးသေး၊ ဖြူဖြူဖွေး၍ငယ်သွေးမစို၊ ပျက်ယွင်းယိုခဲ့ ။

ငါ့မျက်လုံးလည်းဖုံးခဲ့မွှေးရှည်၊ မျက်ရည်ခြောက်ခန်းလွှမ်းခဲ့မျက်တောင်၊ မှေးမှေးမှောင်ခဲ့ ။

ငါ၏နားလည်းမကြားဆွံ့ထိုင်း၊ မုန်တိုင်းဆူညံအသံသဲ့သဲ့၊ ဝေးဝေးခဲ့၏ ။

ငါ့နှာခေါင်းလည်းပန်းပေါင်းနံ့သာ၊ သင်းသင်းဖြာကိုရှိုက်ပါရှူငြား၊ ခါးကြီးခါးခဲ့ ။

ငါ့နှုတ်ခမ်းလည်းစိမ့်စမ်းသီတာ၊ ချိုသကာလူးပန်းဖူးငုံဆင့် ၊ မလန်းပွင့်တော့ ။

ငါ့အသားလည်းပပ်ကြားအက်နေ၊ ပါးရေတွန့်တွန့်လှိုင်းလွန့်လွန့်ထ၊ အိုမင်းလှပြီ ။

ငါ့အသွေးလည်းခြင်ကျွေးသန်းကိုက်၊ သိုက်သိုက်ရုံးရုံး"စားမြိန်တုံး"သာ ဖြစ်ခဲ့ပါ၏ ။

ငါ၏ခြေလည်းမိုးအမြေအဆုံး၊ စက်ဝိုင်းကုံးရောက်မလျှောက်တော့နိုင်၊ နွမ်းနွမ်းယိုင်ခဲ့ ။

ငါ၏လက်လည်းမသွက်တော့ပြီ၊ ကြုံလှီဖျော့ညှိုးအရိုးပေါ်တွင်၊ အရေတင်ခဲ့ ။

ငါ၏စိတ်လည်းအတိတ်တွင်ကျန်၊ မုန်တိုင်းထန်ညလွန်ခဲ့ရသို့၊ မှိုင်းမှိုင်းညို့ခဲ့ ။

ငါ့အတွေးလည်းရှုပ်ထွေးနောက်ကျိ၊ အဆိပ်ထိပန်းပြန်မလန်းသို့ မည်းမည်းညို့တည်း ။

ငါ့ဦးနှောက်လည်းကျောက်ဆောင်အိုကြီး၊ အထီးတည်းသို့ငြီးငွေ့လောက၊ ရွံ့မုန်းခွေတည့်။

ငါ့အသည်းလည်းအက်ကွဲကြေမွ၊ အပိုင်းစနှင့်ရှေးကတုန်းလို၊ ရင်မဖိုတော့ ။

ငါ့ကလောင်လည်းမင်ကြောင်စပြု၊ ချေးညိုစု၍စာနုရေးတိုင်း၊ တုံ့နှေးဆိုင်းခဲ့ ။

ငါ့ဝိညာဉ်လည်းသိပ်သည်းကျဉ်းမြောင်း၊ သစ်ခေါင်းတိုးငှက်အသက်ရှူရပ်၊ ဆို့ဆို့ကျပ်ခဲ့ ။

ငါ့လိပ်ပြာလည်းစွန့်ခွာကိုယ်မှ၊ ထွက်ပြေးကြ၍ဘ၀လမ်းခွဲ၊ မျက်နှာလွှဲကြ ။

ငါ့မိခင်မှရွှေစင်သူ့သား၊ လက်ဖ၀ါးကိုကိုင်ထားယုယ၊ ခေါင်းငိုက်ချလျက် ။

ငါ့ဇနီးကားငါ့အားပွေ့ပိုက်၊ နမ်းရှိုက်နောက်ဆုံးငိုချုန်းပဲ့တင်၊ အလောင်းပြင်၏ ။

ငါ့သမီးမူမြင်းဖြူသစ်ရုပ်၊ ဆော့လှုပ်ကစားငါ့အနားတွင်၊ ပြုံးရွှင်ရွှင်တည့် ။

ငါ့မိတ်ဆွေများဝိုင်းရံထား၍၊ ငါ့အားစိုက်ကြည့်မျက်ရည်ပြည့်နှင့်၊ သောကဆင့်ကြ ။

သြော်.... ကဗျာ... ကဗျာရေးခဲ့ပါလည်း၊ ကြေးဝါတစ်ပြားသနားသူမျှ၊ မရှိကြတည့် ။

ငါကမယူ၊ "ဝေဖန်သူ"သာဖွေရှာတွေ့လို့၊ လက်ကမ်းကြိုခဲ့ညဆိုအိပ်ပျက်၊ လန့်လျက်ထနိုးတစ်မိုးလည်းသောက်၊ တစ်ညဥ့်ရောက်ပြန်ကြိမ်ဖန်ဖန်ပင်၊ သွားပြန်လမ်းဆုံဝိညာဉ်ဘုံက၊ သံစုံဟစ်အော်သေမင်းခေါ်သံ၊ စောင်းသံလေလားထွေပြားစိတ်မှာ၊ ငါ့လင်္ကာကိုဖတ်ပါသေမင်း၊ သူပင်ညှဉ်း၍ငိုချင်းနှင့်တေး၊ ကြိုက်ရာရွေးရနံနက်ထသော်၊ ရေးစလင်္ကာစာရွက်ပြာသည်လေမှာလွင့်လွင့်ဝဲ၀ဲတည်း ။

Internet မှ ရှာလို့ရတဲ့ ဆရာကြီး ဒေါင်းနွယ်ဆွေ ကဗျာလေးပါ။ Link ကိုတော့ မမှတ်မိတော့ပါ။

ကျွန်တော်သိပ်ကြိုက်တဲ့ “ကလျာမိမိမုန်း” ကဗျာကိုတော့ ရှာဆဲပါ။

Thursday, September 17, 2009

China spiriting away Molybdenum (Mo) metal from Myanmar

တရုတ် နိုင်ငံသည် မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ် တွင် ရေးအားလျှပ်စစ် စီမံကိန်း များ အား ဘန်းပြကာ ခဲသတ္ထု များတူးဖေါ် လျှက် တရုတ်ပြည် အတွင်းသို့ တရားမ၀င် ပို့ဆောင်လျှက် ရှိကြောင်း ဒေသခံများ၏ အဆိုအရသိရသည်။ ၎င်းသတ္ထု များကို ကချင်ပြည်နယ် အရှေ့ပိုင်း နမ့်မိုင် မြစ်ရှိ ချီဗွေ ရေအားလျှပ်စစ် စီမံကိန်း နှင့် တပိန်မြစ်ပေါ်ရှိ တခြား ရေအားလျှပ်စစ် စီမံကိန်း နှစ်ခု တို့တွင် တရုတ်ကုမ်ပဏီ များမှ တူးဖေါ် ထုတ်ယူလျှက်ရှိကြောင်း စီမံကိန်း ပတ်ဝန်းကျင်မှ ဒေသခံများက ဆိုသည်။

ချီဗွေ ဒေသခံများ၏ အဆိုအရ တရုတ်အစိုးရပိုင် တရုတ်ရင်းနှီးမြုတ်နှံမှု ကော်ပိုရေးရှင်းမှ ၀န်ထမ်း များသည် ၂၀၀၇ ခုနှစ် နှစ်ဦးပိုင်းမှစတင်၍ စီမံကိန်းဒေသသို့ ရောက်ရှိကာ ခဲသတ္ထု တူးဖေါ်မှုများ စတင်ခဲ့ကြောင်း သိရှိရသည်။
မြန်မာ စစ်အစိုးရသည် ဒေသခံများ နှင့် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့များကို စီမံကိန်းပတ် ၀န်းကျင်နှင့် သတ္ထုတွင်းဝန်း ကျင်ဒေသအား သွားရောက်ကြည့်ရှု စစ်ဆေးခွင် ပိတ်ပင်ထားကြောင်း သိရှိရသည်။

Friday, September 11, 2009

New International Airport, Myanmar

နိုင်ငံတကာ အဆင့်မှီ လေယာဉ်ကွင်း တခုကို မြန်မာနိုင်ငံ ၏ မြို့တော်သစ် အစိုးရရုံးစိုက်ရာ နေပြည်တော် တွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း နိုင်ငံတော် သတင်းစာ များအရသိရှိရ သည်။ ၎င်း လေယာဉ် ကွင်းသစ်အား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ခဲ့ သော ပုဂ္ဂလိကပိုင် ကုမ္မဏီ ဖြစ်သည့် Asia World ကုမ္မဏီ မှ တာဝန်ယူ တည်ဆောက်သွား မည် ဖြစ်သည်။ ၎င်းစီမံ ကိန်း တွင် အဆင့် ၃ ဆင့် ပါရှိမည် ဖြစ်ပြီး လ ၃၀ ကြာမြင့် မည်ဖြစ်သည်။ စီမံကိန်း ပထမ အဆင့် ပီးစီးသွားပါ က နှစ်စဉ် ခရီးသည် ၃.၅ သန်းဝင်ထွက် နိုင်မည်ဖြစ်ပြီး၊ စီမံကိန်းတခုလုံး ပီးစီးသွားပါက နှစ်စဉ် ခရီးသည် ၁၀.၅ သန်း ၀င် ထွက် အသုံး ပြု နိုင်မည် ဖြစ်သည်။
အဆိုပါ စီမံကိန်းအတွက် ကုန်ကျစရိတ် နှင့် စီမံကိန်းပီးစီးသွားပါက လေကြောင်း လိုင်းများအား မည်သို့ စီမံ ခန့်ခွဲမည် ကိုမူ ထုတ်ဖေါ်ပြော ကြားခြင်း မရှိပေ။


Ref : AFP(NEWS)/MIZZIMA(PHOTO)

Thursday, September 10, 2009

သဘာဝ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း တိုးတက်မှု အစီရင်ခံစာ ၃၀ ဇွန် ၂၀၀၆

မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများဖြစ်ကြသော ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်း နှင့် တနင်္သာရီ တိုင်း တို့ သည် ကမ်းရိုးတန်းဒေသများဖြစ် ကာ ကမ်းရိုးတန်း အရှည် ၁၉၀၀ ကီလိုမီတာခန့် ရှည်လျှားသည်။ ကမ္ဘာ အရပ်ရပ်ရှိ ဒီ ရေတောများ ပြုန်းတီး ပျောက်ကွယ်နေ သည်နှင့် အမျှ မြန်မာ့ ဒီရေတောများ လည်းလျှော့ပါးပြုန်းတီးလျှက်ရှိကြ သည်။ မြန်မာနိုင်ငံတွင် ဒီရေတော ပြုန်းတီးရခြင်း၏ အဓိက အကြောင်းအရင်းများ မှာ၁) ထင်းနှင့် မီးသွေးများ အလွန် အကျွှံ ထုန်ယူ သုံးဆွဲခြင်း၂) လူနေ ထူထပ်လာခြင်း၃) စိုက်ပျိုးမြေ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း၎) တရားမ၀င် ပုစွန် မွေးကန်များ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း တို့ကြောင့်ဖြစ်သည်။၁၉၂၄ မှ ၁၉၈၄ အထိ မှတ်တမ်းများ အရ၊ ၁၉၉၅ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော များသည် ၁၉၂၄ ခုနှစ် တွင် ရှိခဲ့သော ဒီရေတော ပမာဏ၏ ၁၂.၃ ရာခိုင်နှုံး သာ ကျန်တော့ သည်။ ၁၉၈၁ မှစတင်ကာ သစ်တော ဋ္ဌာန မှ နှစ်စဉ် ဒီရေတော ဧက ၁၀၀၀ ကျော် စိုက်ပျိုးခဲ့သော်လည်း၊ ပြုန်းတီးမှု နှုန်း နှင့် ဧရိယာ ကို မမီနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် UNDP, FAO, JICA နှင့် INGOs တို့မှ မြန်မာ့ ဒီရေတော ထိန်းသိမ်း ရေး အတွက် လိုအပ်သော အကူအညီများပေးခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း တရားမ၀င် ပုစွန်ကန် တူးဖေါ်မှုသည် ဒီရေတော ထိန်းသိမ်း ရေး စီမံကိန်း အတွက် အဓိက ပြဿနာ ဖြစ်လာခဲ့သည်။ ဒီရေတော ပြုန်းတီးလာ သည် နှင့် အမျှ တဖက် တွင်လည်း ဒီရေတောကို မှီ၍ ဖြစ်တည်နေသော ကမ်းရိုးတန်း ကုန်းမြေနှင့် ရေနေ သတ္တ၀ါ တို့ မှာလည်း တိုက်စား ပြုန်း တီး၍ လာကြသည်။သစ်တောဋ္ဌာန သည် Mangrove Action Project (MAP) ၏အကူအညီဖြင့် Mangrove Service Network (MSN) နှင့် ပူးပေါင်းကာ ဒီရေတော စိုက်ပျိုးရေး စီမံကိန်း တခု ကို စတင်ခဲ့ သည်။ ၎င်းစီမံကိန်း၏ ရည် ရွယ်ချက်မှာ ၁) ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော ပေါက်ရောက်ပုံ အဆင့်ဆင့် ကို လေ့လာစောင့်ကြည့်ရေး ၂) ဒီရေတော စိုက်ပျိုးပုံ အဆင့်ဆင့် ကို သရုပ်ပြ အကောင်အထည်ဖေါ်ရေး ၃) ဒေသ အတွင်း ဒီရေတော စိုက်ပျိုးရေး ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး တို့ ဖြစ်သည်။

လက်ရှိ မြန်မာပြည်၏ ဒီရေတော ခြေအနေ

မြန်မာပြည်၏ ဒီရေတော များကို ဒေသ ၃ ခုတွင် အောက်ပါ အတိုင်းတွေ့ရှိရသည်။





၁၉၂၃ မတိုင်မီ (သစ်တောစီမံ ခန့်ခွဲမှု မရှိ)၁၉၂၄ မှ ၁၉၄၈ သစ်တောကြိုးဝိုင်း စနစ်ဖြင့် စီမံ ခန့်ခွဲသည်၁၉၄၉ မှ ၁၉၇၂ တော်လှန်ရေးကောင်စီကာလ - သစ်တောဥပဒေပြဋ္ဌါန်းခြင်း မရှိသေး၁၉၇၀ မှ ၁၉၉၂ လူဦးရေ ၄ သန်းခန့်ရှိသော ရန်ကုန်မြို့အတွက် ထင်းနှင့် မီးသွေး စည်းကမ်းမဲ့ထုတ်ယူခဲ့သည်၁၉၉၃ သစ်တော ဥပဒေပြဋ္ဌါန်း၍ ထင်းနှင့် မီးသွေး ထုတ်လုပ်မှုအား ပိတ်ပင်ခဲ့သည်၁၉၉၅ သစ်တော ဋ္ဌာနမှ Community Forest Instruction ကို ထုတ်ပြန်ခဲ့သည်။


စီမံကိန်း အနှစ်ချုပ်


တည်နေရာ: NO.62, လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာ။(N-15°48¢16², E-94°55¢53² as of GPS reading)
ဧရိယာ: ဧက ၁၀၀
မြေအနေထား: မြေပြန့် (ပုစွန်ကန်ဟောင်း များရှိခဲ့သော မြေလွတ် မြေရိုင်း)
မြေ၏ PH: 5.3 – 5.5, ရွှံ့မြေ
နှစ်စဉ် မိုးရေချိန် ပျှမ်းမျှ: 120 လက္မ (မေလ လယ် မှ စက်တင်ဘာလကုန်ထိ)
ဆားပါဝင်နှုန်း: 27ppt (in April), 30 ppt (in May), အိုးဘိုချောင်း
ဒီရေ အတက်အကျ: တလလျှင် ၁၀ကြိမ်အောက် ဒီရေလွှမ်းခြင်းခံရသော ဧက ၃၀တလလျှင် အကြိမ် ၂၀ မှ ၃၀ ကြား ဒီရေလွှမ်းခြင်းခံရသော ဧက ၆၀တလလျှင် အကြိမ် ၃၀ နှင့် အထက် ဒီရေလွှမ်းခြင်းခံရသော ဧက ၁၀
အဓိကမျိုးစိတ်: Ceriops decandra, Excoecaria agallocha (in surrounding area)
စီမံကိန်းကာလ: ဇန္န၀ါရီလ ၂၀၀၆ မှ ဒီဇင်ဘာ ၂၀၁၀
အကောင်အထည်ဖေါ်မည့် အဖွဲ့အစည်း: Mangrove Service Network (MSN)
ပူးပေါင်း ပါဝင်မည့် အဖွဲ့ အစည်း: သစ်တောဋ္ဌာန

နိုင်ငံ တကာမှ ပူပင်စွာနှင့် စီမံကိန်းချ ဆောင်ရွက်နေစဉ် မှာပင် ဒီရေတောကင်းမဲ့ခြင်း၏ အကျိုးဆက်ကို ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော Nargis မုန်တိုင်း မှ သက်သေပြခဲ့သည်။ ရေကြီးခြင်းနှင့် မုန်တိုင်း တိုက်ခြင်းသည် ဧရာဝတီ တိုင်း အတွက် အတွေ့အကြုံရှိပြီး ဖြစ်သော်လည်း၊ တကမ္ဘာလုံး ရာသီဥတု ဖေါက်ပြန်နေ သောအချိန်၊ အင်အားကြီးမားလှစွာသော Nagis မုန်တိုင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ၂၄ပေ အမြင့်ရှိသည့် မုန်တိုင်းဒီရေ၊ ဒီရေတောပြုန်တီး၍ အကာအကွယ်မဲ့နေပြီဖြစ်သောကမ်းရိုးတန်း၊ ထိုအခြေအနေများအား လုံးပေါင်းစည်းမိသောအခါ လူဦးရေ ၁ သိန်းကျော် သေဆုံးခဲ့ရသည့် အဖြစ်ဆိုးကြီးကို မျက်ဝါးထင်ထင်တွေမြင်ခဲ့ရပြီဖြစ်သည်။ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာ ကြီးသာယာရေးအတွက် အလွန်အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ စသောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။


(ဥတုရာသီ တောကိုမှီ၏။)


Ref: http://www.mangroveactionproject.org/

Wednesday, September 9, 2009

Kaladan Multi-Modal Transit

၂၀၀၈ခုနှစ် နှစ်ဦးပိုင်းတွင် Kaladan Multi-Modal Transit အမည်ရသော US$ 120M တန်ဖိုးရှိ Project ကို အကောင်အထည်ဖေါ်ရန် မြန်မာ နှင် India သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြသည်။ ၎င်း Project တွင် ကုန်းလမ်းနှင့် ရေလမ်းပို့ဆောင်ရေး နှစ်မျိုးလုံး ပါဝင်မည်ဖြစ် ပြီး၊ ၄ နှစ် အတွင်း တည်ဆောက်ပီးစီးရန် ခန့်မှန်းတားသည်။

Project တွင် အစိတ်အပိုင်း ၃ ပိုင်းပါဝင်မည်ဖြစ်ပြီး၊ ပထမ အပိုင်းမှာ အဂ်လိပ်ခေတ် ကတည်းကရှိခဲ့သော စစ်တွေ ဆိပ်ကမ်းဖွံ့ဖြိုးတိုးတက်ရေးဖြစ်သည်။ ဒုတိယ အပိုင်းမှာ ကုလားတန် မြစ်ကြောင်းတလျှောက် ကလက်ဝ အထိ ကုန်စည်ပို့ဆောင် နိုင်စေရေး ဖြစ်ကာ၊ တတိယ အပိုင်းမှာ ကလက်ဝ မှ စိုင်ဟာ (Saiha - Mizoram) အထိ ကုန်စည် ပို့ဆောင်နိုင်သော လမ်းဖေါက် လုပ်ရေးဖြစ်သည်။ ၎င်း လမ်းပိုင်းသည် India ပြည်ရှိ India အမျိုးသား အဝေးပြေးလမ်း (၅၄) နှင့် သွားရောက်ပေါင်းဆုံမည် ဖြစ်သည်။

စစ်တွေ ဆိပ်ကမ်းမှာ India နိုင်ငံ Mizoram ပြည်နယ် Aizawl မှ ၄၀၀ ကီလိုမီတာ ကွာဝေးပြီး၊ နယ်စပ်မှ ၂၅၀ ကီလိုမီတာ ကွာဝေးသည်။ ၎င်း ဆိပ်ကမ်းအား Maritime Company မှ ဦးစီးကာ အိန္ဒိယ မှ ကျွမ်းကျင် အလုပ်သမားများနှင့် တည်ဆောက်သွားမည် ဖြစ်သည်။

စီမံကိန်း၏ တတိယ အပိုင်းဖြစ်သော လမ်းဖေါက်လုပ်ရေးအား RITES (Rail India Technical Economic Services) မှ ဦးစီး အကောင် အထည်ဖေါ်မည် ဖြစ်ပြီး၊ ၂၀၀၉ ခုနှစ် အတွင်းပြီးစီး ရန် ခန့်မှန်းထားသည်။
၎င်းစီမံကိန်းပြီးစီးသွားပါ က အိန္ဒိယနိုင်ငံ ၏ ပြည်တွင်း ပြည်ပ ကုန်သွယ်ရေး မှာ များစွာ လွယ်ကူ အဆင်ပြေသွားမည်ဖြစ်သည်။

Ref: 1) http://www.burmeseclassic.com/news_detail.php?id=1322&type=3
2) http://lyansamte.blogspot.com/2008/04/kaladan-multi-modal-transit-transport.html

Tuesday, July 7, 2009

မှတ်မိနေသောကျောင်းပိတ်ရက်ရှည်

မှတ်မှတ်ရရ အဲဒီအချိန်က ကျွန်တော် တတိယတန်း တက်နေတုန်း ဘုမသိဘမသိ ကျောင်းတွေ ပိတ်လိုက်လို့ပျော်နေခဲ့တာ...မကြာပါဘူးအဖြစ်မှန်ကိုသိရတာပါပဲ။

“ဖေါင်း..ဖေါင်း...ဖေါင်း...ဖေါက်...ဖေါက်...ဖေါက်...” တခါမှ မကြားဘူးတဲ့ အသံမို့ မိုးခြိမ်းသံလိုထင်နေချိန်မှာပဲ “ဟဲ့ဟဲ့ ပစ်ကုန်ပြီ ၀ပ်ဝပ်” ဟုဆိုကာဂျပန့်တခေတ်လုံး စစ်အတွေ့အကြုံရှိခဲ့သောအဖွါးရဲ့ အတင်းဆွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်။ ဘုရားခန်းတွင် အဖွါးက ကျွန်တော်အားဖိရင်းဝပ် ထားသည်မှာ ယ္ခုချက်ချင်း စစ်သားများအိမ်အတွင်းသို့ဝင်လာမည့်ဟန် တုတ်တုတ်မျှမလှုပ်။ ခါးသက်သော စစ်၏ အတွေအကြုံများကသင်ပေးခဲ့ဟန်တူပါ၏။ အမှန်တော့ကျွန်တော်တို့အိမ်မှာ စစ်သားများ ရန်ကုန်သို့ ချီတက်သွားရာ လမ်းကြောင်းနှင့် အတန်လှမ်းပါသည်။ နယ်ခံလူငယ်များမှ စစ်သားများရန်ကုန်သို့ ချီတက်မည့် ရန်ကုန်-မန္တလေး လမ်းကို သစ်ပင်များလှဲ၍ ပိတ်သဖြင့်ပစ်ခတ်ခြင်းဖြစ်သည်။ ထိုနေ့ နေ့လယ်မှစ၍ ကျွန်တော့၏ ကျောင်း ကျောပိုးအိတ်ကလေးမှာလည်း အရေးပေါ်ကျောပိုးအိတ်လေး အဖြစ် အသွင်ပြောင်းသွားသည်။ ရေဘူးတဘူး ၊ အ၀တ်အစား တစုံ နှင့် စားစရာအချို့ကို ၎င်းကျောပိုးအိတ် အတွင်းထည့်ကာ တနေရာ၌ မှတ်မှတ် ရရထားစေ ပြီးအရေးပေါ်အခြေနေအတွက် အဆင်သင့်ဖြစ်စေခဲ့သည်။


ဖေဖေ့ကို ကြည်လိုက်ပြန်တော့လဲ အိနြေ္ဒမရပါ။ အိမ်ရှေခြံ တခါးဝသွားမျှော်လိုက် စိတ်မချစွာ အိမ်ထည်းပြန်ဝင်လာလိုက်နှင့် ဗျာများနေခဲ့သည်။ ဗျာများမည် ဆိုလည်းများ လောက်ပါသည်။ မေမေ၊ ကိုကို၊ မမ၊ သုံးယောက်လုံး အိမ်တွင်မရှိပါ။ မေမေ က ပါတီကိစ္စ နှင့် အပြင်ရောက်နေသည်။ ကိုကို က သစ်ပင်လှဲ သည့်အဖွဲ့ နှင့်ပါသွားပြီး ၊ မမ ကဒို့အရေးအော်သည့် အဖွဲ့ နှင့်ပါသွားသည်။ ဖေဖေ မှာ အစိုးရ၀န်ထမ်း ဖြစ်သော် လည်း ဇနီး နှင့် သားသမီးများယုံကြည်မှုအရလုပ်နေသော အလုပ်များအား တားမြစ်ခြင်း မပြုဘဲ တတ်နိုင် သည်ဘက်မှသာအကူအညီပေးလေ့ရှိသည်။ ထိုနေ့ကလဲ ကျွန်တော့အား အပြင်မထွက်ရန် မေမေ၊ကိုကို နှင့် မမ တို့အပြင်ရောက်နေ၍ ကျွန်တော့အတွက် ထပ်မံစိတ်မပူလိုကြောင်း ပျော့ပျော့ မြစ်သည်။ မမ ပြန်ရောက်လာသောအခါ အသံဝင်နေပြီဖြစ်ပြီး လည်ချောင်းနာကာ အစားပင်မစားနိုင်တော့ပေ။ ကိုကို ကတော့ ရွှံ့ အလိမ်းလိမ်း နှင့် ပြန်လာကာ သူ၏အတွေ့ အကြုံများအား စိတ်မကောင်းစရာပြောပြသည်။ သူ့ရှေ့မှပြေးသော သူများ ကျည်သင့်ကာနေရာ တွင်ပင် အတုန်းအရုံး ကျဆုံးရပုံ ၊ သူဆွဲနိုင်၍ ဆွဲခေါ်လာသော သူမှာလည်း ဆေးရုံသိုရောက်သော အခါဆုံးသွား ပုံ ၊ ဆေးရုံမှာလည်းပြစ်ခတ်ခံထားရ၍ အုတ်ထရံများပင် စကာပေါက်နီးပါး ဖြစ်သွားရပုံတို့ကို တောက်တခတ်ခတ်နှင့်ပြောပြသည်။



မငြိမ်သက်သော တိုင်းပြည်အခြေနေသည် သူခိုး၊ဓါးပြ တို့ ထကြွဖို့အခွင့်အရေးဖြစ်ရကာ၊ ရပ်ကွက် အတွင်းညှိုနှိုင်း၍ ကိုယ်ထူ ကိုယ်ထ အလှည့်ကျ ကင်းစောင့်ရန်စီစဉ်ကြရသည်။ လူသတ်လက်နှက်ဆို သည်မှာလည်း သာမာန် ပြည်သူ အဖို့ ရပေါက်ရလမ်း မရှိသည် ဖြစ်ရာ ကင်းသမားများ အသက်အန္တရယ် ကာကွယ် နိုင်ရန် လက်ဖြစ်လက်နှက် များဖြစ်သော ၀ါးချွန်၊ မှိန်း၊ ဓါး စသည်တို့ ကိုသာ ဆောင် ထားရသည်။ လမ်းတိုင်း တွင် ကင်းတဲများ၊ ကင်းစောင့် များရှိလာသော အခါ ထိုကင်းသမား များအတွက် ညနက်အောင် ဖွင့်သော သရေစာ ဆိုင်လေးများလည်း ပေါ်ပေါက်လာခဲ့သည်။ စီးပွါးရေး လုပ်ရန် ခေတ် အခါ မကောင်းသည့် အလျှောက် လူတော်တော်များများ မှာ ညဥ့် နက်သည့် တိုင် မအိပ်ကြပဲ ဟေလားဝါးလားနှင့် ခေတ်ပျက်ထဲတွင် ဖြစ်သလို ပျော်နေကြသည်။

ကျွန်တော်တို့ ကလေးများမှာလည်း ခေတ်ပျက် သည် မပျက်သည် ကို မသိပါ၊ စာလည်း ကျက်စရာ မလို ကစားချိန် လည်းပိုရ သဖြင့် အပျော်ကြီး ပျော်နေခဲ့ သည်။ အမှန် ကို သုံးသပ်ကြည့် မည် ဆိုလျှင် မူ တခဏမျှ ခေတ်ပျက်မှု၊ ပညာရေးကဏ္ဌအားလျှောက်ပတ်စွာ မြှင့်တင်ရာတွင် အားနည်းမှု တို့သည် မျိုးဆက် သစ်တို့ ဘက်ပေါင်းစုံ တိုးတက်ရေးတွင် များစွာ အဟန့် အတားဖြစ်ခဲ့ရပေသည်။