Friday, November 20, 2009

အမှတ်တရ ချစ်သူငယ်ချင်း နှစ်ဦး

ကျွန်တော်မို့ တခုခုစလုပ်ပြီဆို သူငယ်ချင်းတွေကစိတ်ဝင်စားလေ့ရှိကြတယ်။ ကျွန်တော်က လည်း ကျွန်တော် ဟောင်ပွါ ဟောင်ပွါလျှောက်ပြောလေ့ရှိ ပြီး၊ အလုပ်လုပ်တဲ့နေရာမှာလဲ အသစ် အဆန်းကြီးမဟုတ် သည့်တိုင် တနည်းနည်းနှင့် သူများနဲ့ ကွဲပြားအောင်တော့ လုပ်လေ့ရှိသည်။ အဲဒီ အကျင့်ကြောင့်ပဲ မကြာခဏ သူတပါး မျက်မှုန်းကြိုးစွာ ယှဉ်ပြိုင်ခံရလေ့ ရှိသည်။ ကျွန်တော့မှာ နဂိုက လူတော်မဟုတ်ပဲ အသစ်အဆန်း လုပ်ချင်စိတ်သာရှိတာမို့၊ ကျွန်တော် လုပ်တဲ့ အလုပ်ကို သူငယ်ချင်းတွေ လိုက်လုပ်တော့လဲ ကျွန်တော့ ထက်ပိုတော် ပိုထူးချွန်ကြတာပါပဲ။ အဲဒီအတွက် တော့ဖြင့် ကျွန်တော့ မှာ တစိုးတစိ မှစိတ်အနှောက် အယှက်မဖြစ်ရပါ။ စိတ်အနှောက် အယှက်ဖြစ်ရတာက ခင်ခင် မင်မင်ပေါင်းတဲ့ သူငယ်ချင်း တွေ၊ အနိုင်လိုချင်တာ တခုတည်းနှင့် နေရာတိုင်းပြိုင်၊ ကိုယ်က ရိုးရိုးပြောလို့လဲ ရိုးရိုးမထင် နှင့် အင်မတန် မှစိတ်ညစ်ရပါသည်။

ကျောင်းတက်တုန်း ကလည်း သူငယ်ချင်းတစ်ယောက် တွေ့ဖူးပါသည်။ ကျွန်တော့မှာ အိမ်ကို အလုပ်ကူ လုပ်နေတာ တကြောင်း၊ ပိုက်ဆံ အများကြီး မတတ်နိုင်တာ တကြောင်းမို့၊ လစဉ်ကြေးမြင့် တဲ့ YTU ကျူရှင်များကို အပြည့်မယူနိုင်ပဲ၊ ကျူရှင် တက် သည့် ထို သူငယ်ချင်းဆီ မှာ အမြဲစာမေးရသည်။ သူကလည်း ကျွန်တော့ကို အမြဲ စိတ်ရှည် လက်ရှည် ရှင်းပြတတ်သည်မို့ အရမ်းလည်းကျေးဇူး တင်ပြီး တော်တော်လည်းခင်မိသည်။ သို့ပေမဲ့ ဖြစ်ပုံက စာမေးပွဲဖြေ တိုင်း ကျွန်တော့ ခုန်နံပတ်က သူ့ရှေ့ကအမြဲရောက်နေတတ်သည်။ ကြာတော့ သူလည်းလေ လောကီသား မို့ စိတ်ပေါက်လာပုံ ရပါရဲ့ စိတ်မကောင်းစရာ “မင်းလည်း အမြဲ ကံကောင်းမနေဘူး၊ ငါလည်းအမြဲ ကံဆိုး မနေဘူ” ဟုဆိုရှာသည်။ စ သတိထားမိသည် က ဒုတိယနှစ်မှာပါ။ Spot ရမည်ဖုန်းဆက်ပါဆို၍ ဖုန်းဆက်တော့ သူရသည့် Spot တွေပေးပါ သည်။ နောက်တနေ့မနက် ကျောင်းရောက်တော့ လမ်းမဘက်ကျောပေး ကာဒီပြင့်သူငယ် ချင်းတယောက်နှင့် စကားပြောနေသည် ကိုတွေ့ရသည်။ ကျွန်တော်လည်း ကျွန်တော့အကျင့် အတိုင်း ဒီကောင်တွေကို နှောက်ယှက်ရမည် ဟုအနားကပ် သွားမှသတိထားမိသည်၊ သူ ထိုသူငယ်ချင်းအားပေးနေ သောSpot များသည် ကျွန်တော့အားပေခဲ့ သည်များနှင်မတူပါ။ စာမေးပွဲပီး သွားမှ ကျွန်တော့အား အလွဲ Spot များပေးခဲ့ကြောင်း သဘောပေါက်ရသည်။ ကျွန်တော်လဲ သူ့စိတ်နေ စိတ်ထားသိရတော့ သတိထားပီးနေလို့ ရတာပေါ့ဟုသာ စိတ်ဖြေလိုက်ရသည်။

ကျွန်တော့ မှာ စိတ်ရှုပ်စရာကလည်း များသည် မို့ ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ် တွင် စာလည်း စိတ်မ၀င် စားတော့ ပါ၊ မဟာတန်းကို လည်းစိတ်ရှုပ်ထွေးခြင်း များစွာနှင့် ဆက်မတက် လိုတော့သည် မို့ အောင်ရုံလောက် သာမှန်း၍စာ ကြည့်တော့ သည်။ ၀မ်းမြောက်စရာ အဲဒီသူငယ်ချင်း ခုန်နံပတ် ခြောက်ခုလောက် ကျော်ပြီး ကျွန်တော့ရှေ့မှ အောင်သည်။ ဒါပေမဲ့ ရှေ့ဆုံးကတော့ မဟုတ်ပါ၊ သူ့ရှေ့မှာ ၁၀ ရောက်ကျော် ၁၂ ရောက်လောက်ရှိသေး သည်။ ကျွန်တော် စဉ်းစားမိသည်က ကျွန်တော့ ရှေ့ မှာရော၊ သူရှေ့မှာရော ခုန်နံပတ်မြင့် သူအများကြီးကို စံထား အလုပ်မလုပ်ပဲ၊ ကျွန်တော့ ကျမှယှဉ်ပြိုင်စရာ အဖြစ်သဘော ထားသည်ကို ခုထိလည်းစဉ်းစားမရပါ။ ဘာမဟုတ် တဲ့ ကျွန်တော် လို ငချွတ် ထက် ခုန်နံပတ်သာလွန်အောင် မြင်ခြင်း သည် ဘယ်လောက်များ သူ့ဘ၀ အတွက် တန်ဖိုးရှိလို့လဲ၊ ကျွန်တော်သိချင်လိုက်တာ။

ပြီးခဲ့သော တပတ်ကျော်က သူငယ်ချင်းတယောက် ကျွန်တော်တို့ကုမ္မဏီမှာပဲ အလုပ်ရသည် မို့ လိုက်ကြွေးသည့် ပွဲတွင် ထိုကျောင်းတုန်းက သူငယ်ချင်းနှင့်ပြန်ဆုံရသည်။ မတွေ့ တာလဲ ကြာပြီမို့ ထိုသူငယ်ချင်း နံမည်လဲ မေ့တေတေ…ကျွန်တော် ကိုယ်တိုင်ကလည်း မေ့တတ်တာ ပါ မည်။ စကားပြောချင်လျှင်ပင် နံမည်ကို မနည်းပြန်စဉ်းစားယူရသည်။ ကျွန်တော် ဟာအမြဲ ကံကောင်း နေသူ ဟူသော သူ၏ အမြင် မှာ ယ္ခုထိမပြောင်း လဲသေးပေ။ စကားစပ်မိသည့် ခဏ အတွင်း မှာ ပါပင် “ ငါတို့လဲ ကံကောင်းချင် လို့ ကုသိုလ်ရအောင် ကထိန်ခင်းမလို့ “ဟု ဆိုသည်။ အံ့သြောမိသော် လည်း ကျွန်တော် လုပ်ရမဲ့ အလုပ်အတိုင်း အများကို အလှူခံ ရင်ဖြင့် ကျွန်တော်လည်း ပါဝင်လှူဒါန်းမည် ဖြစ် ကြောင်းပြောခဲ့ရသည်။ အချိန်ရသော တနေ့နေ့မှ ကျွန်တော် နားလည်ထားသော ဗုဒ္ဓဘာသာ အလှူ နှင့် သူနားလည်ထားပုံ ကိုဖလှယ် ရဦးမည် ဟု မှတ်သားထား လိုက်မိသည်။ သံသရာမှ လွတ်ကြောင်းဦးထိပ် ထားကြသော ဗုဒ္ဓဘာသာတွင်၊ ဗုဒ္ဓဘာသာ ၀င်တို့ ဘာကြောင်တ၀ဲလယ်လယ် ဖြစ် နေသေးကြောင်း အနည်းဆုံး သင်ညာသိဖြင့်တော့ ရှင်းပြနိုင်မည်ဟု မျှော်လင့်မိသည်။

လူအမျိုးမျိုး စိတ်အထွေထွေ ဆို သည့်အတိုင်း အထက်ကဆိုခဲ့သော သူငယ်ချင်းနှင့် ဆန့် ကျင်ဘက် စရိုက်သဘာဝထွန်းကား သောသူငယ်ချင်း တစ်ယောက်လည်း ကျွန်တော့ မှာရှိပါ သည်။ ထိုသူ နှင့် ကျွန်တော် သုံးတန်းနှစ်ကတည်းက သူငယ်ချင်းဖြစ်ပြီး၊ အသက်မွေးဝမ်း ကြောင်းတွေ မတူသည့်တိုင် ယ္ခုထိ အတွဲမပျက်ပါ။၎င်းသူငယ်ချင်း မှာထိုစဉ်က စာအင်မတန် တော်ပါသည်။ ပင်ကိုယ် ဥာဏ်ရည်ဥာဏ်သွေး ကောင်းသောကြောင့် လည်းကောင်း၊ မိဘနှစ်ပါး စလုံး မှာဆရာဝန်ဖြစ်၍လည်းကောင်း၊ ဆရာများ ချစ်ခင်ကာ အရေးပေးခံရသူ လည်းဖြစ်သည်။ ကျွန်တော်ကတော့ ချာတူးလန်၊ ဆရာဆူတာ ရိုက်တာ ခဏခဏ ခံရသည်။ သို့ပေမဲ့ မမှတ် ရိုက်တုန်းခဏသာ၊ ပြီးရင်အဆော့ မပျက်၊ အရိုက်ခံမပျက်။ ဘယ်လိုပင် သဘာဝမတူသော်လည်း ကျွန်တော် တို့အတွဲမပျက်ကြပါ။ အတူတူကစားသည် အတူတူတော့ စာမကြည့်ပါ။ သူလဲတော် မဲ့သာတော် သည် စာကိုအထူးအထွေ မကြည့်ပါ။ စာကြည့်မည်ဟု ဆိုကာကျွန်တော့ အိမ်ရောက်လာ (သို့မဟုတ်) သူ့အိမ်သွားကာ ကစားနေကြသည် ကများသည်။ အချိန်တန် သူ့ Roll ကရှေ့ မှာ ကျွန်တောက ပိတ်ချီး။ ကျွန်တော်လည်း သူ့ Roll ဘယ်တုန်းကမှမလိုချင်၊ သူကလည်း ဘယ်တော့ မှ Roll မကျ။ သို့နှင့် ၇ တန်းနှစ်တွင် သူငယ်ချင်းများနှင့် ခွဲ ဖို့အကြောင်း ပေါ် လာသည်။ အဒေါ်က ကျွန်တော့ အား ၁၀တန်းရောက် လျှင် နံမည်ကြီး လှသောင်းကျောင်း ၌ ထားလို၍၊ အခြေခံရအောင်ဟု ဆိုကာ ၇ တန်းနှစ်တွင် ရွှေပြည်သာ အလက ၃ ၌ ကျောင်း ပြောင်းထားရန် မေမေ့ အားတိုက်တွန်း ရာမှစ၍၊ ရွှေပြည်သာ သို့ကျောင်းပြောင်းတက်ဖြစ် သည်။ ၈ တန်းတွင် ကျွန်တော့ နယ်မှာသာ ကျွန်တော်ကျောင်းတက်ချင်သည် ဟူ၍ပြန်ပြောင်း လာမှ ထိုသူငယ်ချင်းနှင့်ပြန်တွေ့ရသည်။ ကျောင်းပြန်တက်သော အခါမှသတိထားမိသည် မှာ ဒီကောင်ကျောင်း စာတွင် စိတ်ဝင်တစား မရှိတော့ပါ။ ကျွန်တော် နှင့်အဆက် အသွယ် မရှိသည့် တနှစ်အ တွင်း ကြီးကောင်ဝင် လာ၍လည်းကောင်း၊ အပေါင်းအသင်းစုံ လာ၍ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ထင်ပါ၏ Roll နံပတ်များလည်း မကောင်းလှ တော့ပါ။ ထိုအချိန်မှာ မှစ၍ကျွန်တော်လည်း ကျွန်တော်ပျော်သည့် နေရာပြန်ရောက်ကာ စာစ ကြည့်ဖြစ်၍၊ စာတော်သူတစ်ယောက်ဟုဆရာများ၏ အသိအမှတ်ပြုမှုကို တစတစ ရလာသည်။ သို့ပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အခင်မပျက် အမင်မပျက် တတွဲတွဲသွားမြဲ၊ ကစားမြဲသာ။ ၉ တန်းရောက် တော့ ဒီကောင့်မိဘများက မန္တလေးသို့ ကျောင်းပြောင်းထား မည်ဟုဆို ကာ၊ မန္တလေးပြောင်းသွားသည်။ ၁၀ တန်းအောင်တော့ ကျွန်တော်က ၂ ဘာသာ ဂုဏ်ထူးနှင့် စက်မှုတက္ကသိုလ်ဝင်ခွင့်ရသည်၊ သူက ၁ ဘာသာဂုဏ်ထူးနှင့် သချာင်္မေဂျာဝင်း သွားသည်။ ၁၀ တန်းအောင်စာရင်းထွက် လာတော့ ကျွန်တော်မပျော်ပါ၊ ဒီကောင့်အတွက် တော့ စိတ်မကောင်းပင်ဖြစ်ရပါသည်။ ဆေးတက္ကသိုလ်ဝင် ဖို့အထိမှန်း နိုင်းသောကျွန်တော့သူငယ်ချင်း တက္ကသိုလ် ၀င်ခွင့် မေဂျာ ရွေးချယ် ချိန်တွင် အင်မတန်မှ စိတ်ထိခိုက်ပေလိမ့်မည်။ မင်းပြောင်းသွားလို့ဟု စကား ကြုံတိုင်း အပြစ်တင်မြဲ၊ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရမြဲ။ ဘာကိုအပြစ်တင်ရ မှန်းလည်း မသိ။ သို့ ပေမဲ့ သူနှင့် ကျွန်တော် အခင်မပျက် အဆွက်အသွယ် မပျက်ခဲ့ပါ။ ရန်ကုန်တွင် သူရှိနေချိန်၌ ကျွန်တော် ကျူရှင်သွားရာ သူ့ကားနှင့်လိုက်ပို့မြဲ။ ကျွန်တော်လည်း ပိုက်ဆံ ပြတ်လျှင် သူဆီမှ ချေးမြဲ။

တခါတခါတော့ ကျွန်တော်ခင်သည့် ထိုသူငယ်ချင်း ၂ယောက်ကို ယှဉ်ကြည့်မိသည်။ တယောက်မှာ အင်မတန်အေးချမ်း၍ တယောက်မှာ အင်မတန်မှ ယှဉ်ပြိုင်လိုစိတ်ပြင်းထန် သည်။ ထိုဆန့်ကျင်ဘက် သူငယ်ချင်း ၂ယောက်တွင် ကျွန်တော်သဘောကျသောတူညီချက် မှာ မည်သို့ပင်ဆိုးဝါးသော ဘ၀အပြောင်းအလဲနှင့်ကြုံကြုံ ကျရာနေရာပြန်ထနိုင်အောင်ကြိုး စားခြင်း၊ ကြိုးစားသည့် အတိုင်းပြန်လည်အောင်မြင်လာနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းအရာ အားလုံးသည် ဖြစ်ချိန်တန်၍လည်းကောင်း၊ အကြောင်းတိုက်ဆိုင်၍လည်းကောင်း ဖြစ်ခဲ့ကြသလို၊ ထိုသူငယ်ချင်း နှစ်ဦးမှာလည်း ကျွန်တော်ဖြတ်သန်းခဲ့ပြီးသော အတိတ်ကာလ များ၏ အမှတ်တရများပင်ဖြစ်ပေတော့သည်။