ဇန္နဝါရီ ကို မြန်မာပြည် ပြန်ဖြစ်ရင် ကျွန်တော်တို့ ၉ တန်း၊ ၁၀ တန်း က ဆရာတွေ ကို သူငယ်ချင်းတွေ စုပြီး ကန်တော့ဖြစ်ကြမှာ ဆိုတော့၊ အဲဒီ အချိန်တုန်းက မှတ်မှတ်ရရ ဘာများရှိခဲ့သလဲ လို့ ပြန်စဉ်းစားနေမိတယ်။ ခက်တာက ကျွန်တော့ မှတ်ဥာဏ်က ကောင်းတာတွေသာ မမှတ်မိတာ၊ မကောင်းတာတွေတော့ အင်မတန်မှ မှတ်မိတတ်တာပဲ။
မှတ်မှတ်ရရ ကိုတန်းစာမေးပွဲဖြေပြီးလို့ ကိုရင်ခဏ ဝတ်ပြီး၊ တရားစခန်းဝင်နေတုန်းပါ။ တရက် တရားဖြုတ် တဲ့ ခေါင်းလောင် ထိုးပြီးပြီးချင်း...
"ကိုရင် ကိုရင် မြန်မြန်.. " ဆိုပြီး သူငယ်ချင်းတယောက်က ဓမ္မာရုံရဲ့ ပြတင်းပေါက်ကနေ အလောတကြီး လက်ရပ်ခေါ်ပါတယ်။ ကိုရင်ကလည်း တရားထိုင်ကခုမှ ထတာဆိုတော့ အမှတ်ကလေး နဲ့ သူ့ဆီဖြေးဖြေး လျှောက်သွားပြီး
"ဘာဖြစ်လို့လဲ တကာ.." လို့သက်တောင့်သက်သာပဲ မေးလိုက်တယ်။ သူငယ်ချင်းက
"ကိုရင့် နံမည် အောင်စာရင်းထဲမှာ ပါမလားဘူး.. မြန်မြန်လိုက်ခဲ့ ကျောင်းသွားကြမယ်.."
အဲဒီကျမှ ကိုရင်လည်း ပြူးတူးပြာတာနဲ့ "ဟေ့ ဟုတ်လား ဒုက္ခပါပဲ ကွာ ငါလည်းဖြေနိုင် ခဲ့ပါတယ်.. ကျတဲ့ အထိတော့ မဖြစ်နိုင်ပါဘူးကွာ.." ဆိုပြီး အမှတ်တရားတွေလည်း ဘယ်ရောက်ကုန်မှန်းမသိတော့ဘူး သူငယ်ချင်း စက်ဘီးနောက်က ခုန်တက်ပြီး သင်္ကန်းတလူလူ နဲ့ အထက်တန်းကျောင်းကို ပြေးရပါတော့တယ်။
ကျောင်းရောက်တော့ အောင်စာရင် ဘုတ်ဘေးမှာ တာဝန်ကျနေတာ ကိုးတန်းနှစ်ရဲ့ ပထဝီ ဘာသာ သင်ပေးရတဲ့ ဆရာပါ။ ကိုရင်လည်း ကမန်းကတန်း အောင်စာရင်း ကို တခါထပ်ကြည့် ပြီး၊ မပါဘူးဆိုတာသေချာတော့ မှ ဆရာ့ ကိုမျက်နှာငယ်လေးနဲ့ သွားပြောရပါတယ်။
"ဆရာ.. ကျွန်တော့နံမည် အောင်စာရင်းထဲမှာ ပါမလားဘူးဗျာ.."
ဆရာက ခပ်သော့သော့ ပြုံးပြီး .."အောင်စာရင်းမှာ ပါမလာတာ ကျလို့ပေါ့ကွ .."
"ဗျာ .." ကျွန်တော့မှာ ဗျာ ဆိုတဲ့ အာမေဋ္ဋိတ် သံက လွဲလို့ ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။ စာမေးပွဲ ကျမှာ လည်းအရမ်းကြောက်နေပြီ .. အဲဒီအချိန်ကျမှ ဘာတွေ မဖြေနိုင်ခဲ့ သလဲ ဆိုတာ အလောတကြီး ပြန်စဉ်းစာနေတုန်း ....ကျွန်တော့အဖေ ရောက်လာပြီး သံပန်းတခါးတွေ ပိတ်ထားတဲ့ ကျောင်းဆောင် ထဲဝင်ခါ သူ့ငယ်ဆရာ (ဆရာဦးဝင်းလှိုင်) တွေနဲ့ ပြောဆိုပါတယ်။ တချိန်တည်းမှာ ပဲ ကျွန်တော်အမြဲ လေးစား အားကျ ရတဲ့ ကျောင်းအုပ်ဆရာကြီး ဦးကြည်သန်း က ကျောင်းအပေါ်ထက်ရုံးခန်းက ဆင်းလာပါတယ်။ ဆရာတွေ ပြောဆိုနေကြတာကို နားထောင်ပြီး ကျွန်တော့ဆီကို လှမ်းကြည့်ပါတယ်။ ကျွန်တော့ကို တွေ့တာ နဲ့
"ဟာ.. ဒီကိုရင် လား ဒီကိုရင်ဆိုရင် မကျဘူး" ဆိုပြီး ... အောင်စာရင်း ရိုက်တဲ့ ဆရာမကို ချက်ချင်းခေါ်ခိုင်းတော့တာပါပဲ ... ဆရာမ ရောက်တာ နဲ ချက်ချင်း အောင်စာရင်းကို ပြန်စစ်ခိုင်းပါတယ်။ ပြီးတော့ အောင်စာရင်းကို ချက်ချင်း ပြန်ထုတ်ခိုင်းပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ကိုးတန်းမှာ အတန်းပတ်လည် ဒုတိယ ရပါတယ်။ အောင်စာရင်းရိုက်ပေးရ တဲ့ ဆရာမ က ၁၀ တန်းက ဆရာမ ဆိုတော့ ၁၀ တန်းကျမှ ပြန်တွေ့ရပါတယ်။ ပြန်တွေ့ပေမဲ့ ဆရာမ ကို ဒီကိစ္စ နဲ့ တွဲပြီး ကျွန်တော် မမှတ်မိပါဘူး။ ၁၀ တန်းစာမေးပွဲ ဖြေခါနီး ၁၀ တန်းကျောင်းသားအကုန်လုံး ရဲ့ ခုန်နံပါတ်တွေကို ဖြည့်ပြီး စာရင်းလုပ်ရ တဲ့ အခါကျတော့ ကျွန်တော်တို့ သူငယ်ချင်း တချို့ ဆရာတွေ ကိုကူရပါတယ်။ ကူနေရင်းနဲ့မှ.. အမှားပါသွားတဲ့ စာရွက်တွေ.. ကို ခေါက်ချိုး ချိုးပြီးသီးသန့် ခွဲထားဖို့ ဆရာမ တယောက်က ကျွန်တော့ကို သတိပေးပါတယ်။ တခါတည်းဆက်ပြီး ဆရာမ က "ဘာလို့ အဲလိုသတိပေးရလဲ သိလား .." လို့မေးပါတယ်.. ပြီးတော့.. "ငါ အဲဒီလို စာရွက်တွေ ခေါက်ရမှာ နှမြောလို့ နင့် အောင်စာရင်း ကို မှားထုတ်ပေးခဲ့ မိတာ.. " လို့ပြောပါတယ်။ အဲဒီအခါကျမှ ပဲ ဆရာမ နဲ့ ကျွန်တော့ ၉ တန်း အောင်စာရင်းကိစ္စကို သွား ဆက်စပ်မိပါတယ်။
ဒီအဖြစ် ကို ပဲ ကျွန်တော် တခြားရှုထောင့်တခုကကြည့်မိပါတယ် .. တကယ်လို့များ ... ကျွန်တော်သေသေချာချာ မှတ်မိနေတဲ့ ဝါကျ လိုမျိုး .."အောင်စာရင်းမှာ ပါမလာတာ ကျလို့ပေါ့ကွ ..." ဆိုတဲ့ အတိုင်းသား လက်ခံလိုက်ရ တဲ့ ကျောင်းသားဆိုရင် .. ဘဝမှာ တနှစ် နစ်နာရမှာပါ။ ပိုဆိုးတာက အဲလိုပြောတဲ့လူက ကျွန်တော့ဆရာပါ .. ကျွန်တော့ရဲ့ အခြေအနေသိနေတဲ့သူက ကျောင်းအုပ်ဆရာ ကြီးပါ။ မိမိ အလုပ်အပေါ် စိတ်ဝင်စားတဲ့သူ နဲ့ စိတ်မဝင်စားသူ ရဲ့ ကွားဟချက်လို့လည်းမြင်မိပါတယ်။
လက်လွတ်စပယ် ပြောတတ်တဲ့ ဆရာတယောက်ကို တွေ့ခဲ့ရပေမဲ့ တချိန်တည်းမှာပဲ ဒီမတော်တဆမှုလေးတခုကြောင့် ကျွန်တော့ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတချို့ ရဲ့ သဘောထားကို သိရှိခွင့် ရခဲ့ပါတယ်။ ပူပူပန်ပန် ကြောင့်ကြောင့်ကျကျ နဲ့ ကျွန်တော့ကို လိုက်ကူညီပေးခဲ့ တဲ့ ကျွန်တော့ သူငယ်ချင်း ဇေယျာထူး ကိုတော့ သတိတရ နဲ့ ကျေးဇူးတင်မိပါတယ်။
သူငယ်ချင်း အားလုံး နှစ်သစ်မှာ ပျော်ရွှင်နိုင်ကြပါစေ။
No comments:
Post a Comment