Wednesday, February 3, 2010

အတွေး အပိုင်းအစများ

ခုတလော ကျွန်တော်စဉ်းစာနေမိတာလေးတွေ တော်တော်များပါတယ်... ဥပမာ၊ နိုင်ငံတခု ဘက်ပေါင်းစုံတိုးတက်စေချင်လျှင် ဘာတွေက အရေးကြီးပါသလဲ...သဘာဝအရင်းအမြစ်လား၊ လူသားများ၏ စဉ်းစားတွေခေါ်နိုင်စွမ်း နှင့် တီထွင်ဖန်တီးနိုင်မှုလား။ ၎င်းအချက်အလက်များ ပြည့်စုံကာမျှ နှင့် သမမျှတသော၊ စည်းလုံးညီညွတ်သော၊ အေးချမ်းသာယာသော ချစ်ကြည်ရင်းနှီးသော လူ့အဖွဲ့အစည်းတခု၊ နိုင်ငံတခု တည်ထောင်နိုင်မည်လော...စသဖြင့် မဆုံးနိုင်သော အတွေးရေယာဉ်ကြောမှာ မြောနေမိသည်။ ဘာဖြစ်လို့ စဉ်းစားမိလည်း ဆိုတော့ ကျွန်တော်ချစ်တဲ့ နိုင်ငံကို တခြား ကျွန်တော်ရောက်ဖူးတဲ့ အာရှနိုင်ငံလေးတွေနှင့် ယှဉ်ကြည့်မိလို့ ဟုဆိုရမှာပါ ပဲ။ အဆုံးသတ်ကောက် ချက်ချမိတာတော့ နိုင်ငံသားများ၏ ပညာတတ်မြောက်မှု နှုံး နှင့် စဉ်းစား တွေးခေါ်နိုင်မှု နှုံးသည် ထိုနိုင်ငံ၏ ကံကြမ္မာကို ပြုပြင်သည် ဟုသာဆိုချင်ပါသည်။ နိုင်ငံတခု၏ အစဉ်အလာကို လေ့လာကြည့်မည် ဆိုလျှင် လူမျိုးရှိသလား၊ စာပေရှိသလား၊ ယဉ်ကျေးမှုရှိသလား စသည်ဖြင့် ခြေခြေမြစ်မြစ် လေ့လာရပေမည်။ ကျွန်တော်တို့ နိုင်ငံကိုမေးမည် ဆိုလျှင် ရှိတာပေါ့ဟု တပြိုင်တည်းဝိုင်းဖြေကြမှာမနည်းပေ။ တချို့ဆိုလျှင် လူမျိုးကြီး ၇ မျိုးတောင်ရှိသည် ဟုဆိုကြ ပေဦးမည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် ကျွန်တော်ဂုဏ်ယူ ရသော ကျွန်တော့ နိုင်ငံ၏ လူမျိုးကြီးများ သည် ပြည်နယ်အလိုက် လူမျိုးပင်မက၊ သက်ဆိုင်ရာစာပေ နှင့် ယဉ်ကျေးမှုများပါ အသီးသီးရှိကြပါသည်။ သို့သော် သာစဉ်မြေးဆက် အဆင့်ဆင့်တိုးတက်ခဲ့ပါရဲ့လားဟုမေးလျှင် ဆိတ်ဆိတ် နေကြရပေမည်။ ယုတ်လျှော့ပျောက်ကွယ်နေ သည်ကိုပင်တွေ့မြင်နေရသော ယနေ့ခေတ်တွင် တိုးတက်မှုရှိပါသလားဆိုသော မေးခွန်းသည် ရန်စသည်နှင့်ပင် တူကောင်းတူပေလိမ့်မည်။ ဘာ့ကြောင့် ယဉ်ကျေးမှုတွေ၊ စာပေတွေ တိုးတက်မှုမရှိဘဲ ယုတ်လျှော့ပျောက်ကွယ် ကုန်ရပါသလဲ။ ထိုကဲ့သို့ သောမေးခွန်းကို မေးခွန်းနှင့်သာ ပြန်ဖြေရမည်ထင်ပါသည်။ သက်ဆိုင်ရာလူးမျိုးတို့သည် ပညာသင်ကြားခွင့် အလွယ်တကူရကြပါရဲ့လား၊ အသစ်အသစ်ဖြစ်ပေါ်ခဲ့သော မျိုးဆက်တို့သည် အသိအမြင်ကြီးမားပါရဲ့လား၊ အတွေးအခေါ်ရင့်သန်ပါရဲ့ လား၊ အမြော်အမြင်ထွန်းပေါက်ပါရဲ့လား၊ အကျင့်သိက္ခာခိုင်မာပါရဲ့လား၊ အတွေ့အကြုံကျယ်ဝန်းပါရဲ့လား၊ တာဝန်သိစိတ် တာဝန်ယူစိတ်ရောရှိကြပါရဲ့လား ဟူ၍ အဆင့်ဆင့် စမ်းစစ်ရပေမည်။ ထိုကဲ့ သို့သောလူသား စွမ်းရည်များရရှိရန်မည်သူ့ အပေါ်တွင်မူတည်ပါသနည်း၊ မည်သူ့တာဝန်လဲ ဟုမေးလျှင်မူ မိသားစုတိုင်း၏တာဝန် ဟုဆိုရပေမည်။ မိမိ မျိုးဆက်တွင်မှ ဥာဏ်အားစိုက်၍ မိမိ၏နောက်မျိုးဆက်အား အထက်ပါလူသားစွမ်းရည်များရရှိအောင်၊ ရယူနိုင်အောင် အခွင့်အရေးဖန်တီး မပေးနိုင်လျှင် မိမိ မှီတင်းနေထိုင်ရာ ဒေသ၏ ယဉ်ကျေးမှု စာပေတို့မှာ တိုးတက်ခြင်းနှင့် ဆန့်ကျင်ဘက်လမ်းကြောင်းပေါ်သို့ကောင်းကောင်းကြီးရောက်ရပေလိမ့်မည်။ ဘာ့ကြောင့် ထိုလူသားစွမ်းရည်တို့သည် လူ့အဖွဲ့ အစည်းတခု၏ လူတိုင်းလူတိုင်းတွင် ရှိသင့်ပါသနည်း၊ ရှိရပါမည်နည်း။ မေးသင့် မေးထိုက်သော မေးခွန်းဟုပင်ဆိုရပေမည်။ အေးအေး နေလို့ရပါလျှက်နှင့် ထိုရှုပ်ရှုပ်ထွေးထွေး တွေအဘယ့်ကြောင်ရှိရပါမည်နည်း။ လူတဦးသည် အသိဥာဏ်ပညာ၊ အတွေ့အကြုံ ရင့်ကျက်လာသည်နှင့် အမျှ စဉ်းစားဆင်ခြင်နိုင်မှု၊ တွေးခေါ်မြော်မြင်နိုင်မှုသည် ကျွဲကူးရေပါ ဆိုသလို တိုးတက်လာမြဲပေ။ နှိုင်းနှိုင်းဆဆ တွေးတွေး ခေါ်ခေါ် ရှိသောလူတဦး၏ စဉ်းစားလုပ်ကိုင်သော ကိစ္စ၊ ပြောဆိုသော အကြောင်း အရာတို့သည်၊ ဖြစ်သလိုနေထိုင်ခဲ့သော လူတဦး၏ အပြုအမူ နှင့်ယှဉ်လျှင် အမှားနှင့် အတော်ဝေးကွာမည်မှာ မုတ်ချမလွဲပေ။ မိသားတစု ခြင်းစီက လေ့ကျင့်ပျိုးထောင်ပေးပြီးသော ထိုမျိုးဆက်တခု လူလားမြောက်လာချိန်တွင် တနိုင်ငံလုံးအတိုင်းအတာ နှင့် လူတော် လူကောင်း အရည်အချင်းပြည့်ဝသောလူများကိုသာ ပိုင်ဆိုင်ခွင့်ရပေလိမ့်မည်။ ထိုအခါ မည်သည့် စနစ်ကိုတည်ထောင်သည်ဖြစ်ပစေ၊ လူတော်ကလေးများ၏ ကောင်းမွန်သောစေတနာ နှင် ကျယ်ပြန့်သော အမြော်အမြင်ကြောင့်ထိုတိုင်း ပြည်မှာ ယဉ်ကျေးမှု၊ ဘာသာ၊ စာပေ ဘက်ပေါင်းစုံမှာ တိုးတက်မည်မလွဲပေ။ ထိုလူသားတို့၏ စွမ်းရည်ကို တိုးတက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်သရွေ့ ထိုတိုင်းပြည်သည် တိုးတက်မှုသည် တိုးတက်မှုရစေဖို့ အကြောင်းဖြစ်သကဲ့သို့ အပေါင်းစက်ဝိုင်းအတွင်းမှာ ပင် အလီလီသော တိုးတက်မှုတို့ရရှိပေလိမ့်မည်။

No comments: