ကျွန်တော် အလုပ်ပြောင်းလိုက်တာ ၅ လကျော်ပဲ ရှိသေးသည်...လူကြီးအသစ်ရဲ့ အမြင်နဲ့ ကျွန်တော့ရဲ အမြင်တွေ အတန်ကွာဟနေသည် ကို လကြာလာတာနှင့်အမျှ ပိုမိုသိမြင်လာရသည်။ ထို့ကြောင့် အလုပ်မပင်ပန်းသမျှ၊ လူကြီး နှင့် အဆင်မပြေ မဖြစ်ရလေအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာစဉ်းစားတာက စလို့ ဤ ပို့စ်လေးရေးဖို အကြောင်းဖြစ်လာရသည်။
ကျွန်တော်ငယ်ငယ် က လူကြီးနှင့် လူငယ် အမြင်ကွာဟမှုတွေ ရှိလားဟု ပြန်စဉ်းစာမိသည်။ သတိတရနှင့် ကွာဟမှုတွေ ရှိခဲ့ကြောင်း အမှတ်ရနေသည်။
ဥပမာ..ကျွန်တော် အပြင်စာများ စဖတ်ကာ စ ကပါ။ လူငယ်သဘာဝအတိုင်း ကျွန်တောစဖတ်တာ သိုင်းဝတ္ထုတွေပါ။ ထိုမှတဆင့် ယုဝတီကြည်ဝေ၊ ဘုန်းနိုင်၊ ဒဂုန်ရွှေမြှား၊ ဂျာနယ်ကျော် တို့ကိုစဖတ်ခါစ...ဝတ္ထုဖတ်လို့ စိတ်ကူးယဉ်ကောင်းတုန်း ကာလ ဖြစ်သည်။ တနေ့တော့ကျွန်တော့မိခင်က
"ဥပမာ..သားမှာ စာတအုပ်ပဲဖတ်ဖို့ အချိန်ရှိမယ် ဆိုပါတော့၊ ဝတ္ထုတအုပ် နဲ့ မဂ္ဂဇင်း တအုပ် သားမှာ ရှိတယ်ဆိုရင်၊ ဘယ်ဟာကို ဦးစားပေးပြီး ဖတ်မလဲ" ဟု မေးပါသည်။
ကျွန်တော်ကလည်း မဆိုင်းမတွ
"ဝတ္ထုပဲ ဖတ်မှာပေါ့ မေမေရ၊ မဂ္ဂဇင်း က အခန်းဆက်တွေရော၊ အခန်းဖျက်တွေရော၊ အခန်းရပ်တွေ ရော ရှုပ်နေတာပဲ။ ပြီးတော့ သားက အချိန်ဆွဲ ပြီး စောင့်ဖတ်ချင်တာ မဟုတ်ဘူး၊ တထိုင်တည်း ဖတ်ပြီး ..ပြီးရော" ဟုပြန်ဖြေလိုက်သည်။
ကျွန်တော့အဖြေ ရတော့မှ မေမေ က စိတ်ရှည်လက်ရှည် ရှင်းပြသည်။
"မေမေ ဆိုရင်တော့ မဂ္ဂဇင်း ကို ရွေး မှာ ကွ၊ မဂ္ဂဇင်း တအုပ်ကိုဖတ်လိုက်မယ်ဆိုရင် ကိုယ့်နယ်ပယ်ဒေသ နဲ့ ပက်သက်တဲ့ သတင်း အချက်အလက်တွေ၊ ကိုယ့်နယ် အနေနဲ့ အရေးမကြီးပေမဲ့ တနိုင်ငံ လုံးအနေနဲ့ အရေးကြီးတဲ့ သတင်းတွေ၊ စီးပွါးရေးသတင်းတွေ၊ အခန်းဆက် ဆောင်းပါးတွေ စသဖြင့် သုတတွေ ရသတွေ အများကြီး ပေး နိုင်တယ်" ဟု စိတ်ကူးယဉ် နေသော သားကို လက်တွေ့ပေါ်ရောက် အောင်ဆွဲတင်ပေးသည်။ ဒါက ကျွန်တော် မှတ်မိတဲ့ ပထမ ဆုံး လူကြီး လူငယ် အမြင် ကွဲ လွဲမှုပါ။
နောက် ဥပမာ က ကျွန်တော် ၁၀ တန်းအောင်ပြီးခါစ၊ ဆိုင်မှာ ကူနေတုန်းက ဖြစ်သည်။ ကျွန်တော်တို့ ရဲ့ တိတ်ခွေဆိုင်သေးသေး လေး မှာ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ကို ရန်ကုန် က သွားသွားဝယ် ရပါသည်။ တနေ့တော့ လူငယ် ကြိုက် တိတ်ခွေ ၂ ခွေတပြိုင်တည်းထွက်လာ၏။ ပုံမှန်အားဖြင့် ထုတ်ဝေသူတို့သည် တိတ်ခွေကောင်း ၂ ခု ကို တပြိုင်တည်း ဖြန့်လေ့မရှိပေ။ အဘယ့်ကြောင့် ဆိုသော် တခွေက အရမ်းပေါက်သွား လျှင် တခြား အခွေ မှာ ကောင်းပါ လျှက် ရောင်းရသင့်သမျှ မရောင်းရတော့သောကြောင့်ဖြစ်သည်။ ထိုအချိန်က ထွက်သည့် အခွေ ၂ ခွေကို တိတ်ခွေ A နှင့် တိတ်ခွေ B ပဲဆိုပါတော့။ ကျွန်တော်တို့ စမ်းနားထောင်ပြီးသည် အခါ ကျွန်တော့မိခင်က ပဲ မေးပါသည်။
"ဘယ် အခွေပေါက်မယ်ထင်သလဲ သား"
၂ ခွေယှဉ်နားထောင်ပြီး.. ကျွန်တော်က အခွေ A ကိုကြိုက်နေသည် မို့
"အခွေ A ကပေါက်မယ်ထင်တယ် မေမေ ရ"
"မေမေ ကတော့ အခွေ B ပေါက်မယ် ထင်တယ်" ဟု မေမေ က သူ့အမြင်ကိုပြောသည်။ သူ့ရွေးချယ်မှု(အမြင်) မှန်ပါသည်။ ထိုတိတ်ခွေ မှာ ယနေ့တိုင်လူငယ်များကြားတွင် အရောင်းတွင်ကျယ်ဆဲ ဖြစ်သည်။ ကျွန်တော့၏ ဒုတိယ မြောက်ကွဲလွဲသော မှားယွင်းသော အမြင်လည်းဖြစ်ပေသည်။
နောက်ထပ် ဥပမာ က တော့ကျွန်တော် တက္ကသိုလ် တက်နေတုန်းက ဖြစ်သည်။ အဆောင် နေရင်း ခင်နေသော ညီတယောက် ရှိသည်။ သူကလည်း စာ အလွန်ဖတ်သည်။ ထိုညီ မှာ ကျွန်တော် နှင့်အသက်ကွာ လှ အများဆုံ ၂ နှစ်သာရှိမည်။ တနေ့တော့ အင်းယား မှာ ထိုင်ကြရင်း ငြင်းကြတော့တာပါပဲ။ သူက မော်ဒါန် ကဗျာ ကို ကဗျာ အဖြစ် မှတ်ယူ စေလိုသည်။ ကျွန်တောက လည်း မော်ဒါန် ကဗျာက မော်ဒါန် ကဗျာ၊ ကဗျာ က ကဗျာ.. နံမည် သာဆင်တူယိုးမှား ရှိပေမဲ့ မတူညီသော အနုပညာ ၂ ခုဟုပြောဆိုငြင်းဆန်သည်။ ကျွန်တော်က
"ကဗျာ ရဲ့ အသက်က ကာရန် ကွ။ ကာရန်ကြောင့်သာ ကဗျာ ဆိုတာ အရှည်သဖြင့် ကျန်သကွ၊ ကာရန် မပါရင် ဖတ်လို့ကောင်းလည်း ခဏဆို မေ့သွားတာပဲ"
"ကိုလင်းဇော် က လည်း တုန်းလိုက် တာ အင်္ဂံလိပ်မှာတောင် Free Verse ဆိုတဲ့ ကာရန် မဲ့ကဗျာတွေ ရှိတယ်ဗျ" ဟု ကျွန်တော့ကို ပြန်နှိပ်ကွပ်ပါသည်။
"မရှိဘူးလို့မပြောပါဘူဗျာ...မတူတာကိုသာ ပြောပြတာပါ...ဥပမာ.. နေခြည်ဖြာမှ နွေးသောကြောင့်၊ လေပြည်လာက အေးသောကြောင့်၊ ရွှေပြည်ဌာန ဝေးသောကြောင့်၊ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ စတာတွေဟာ ကာရန် ပါလို့သာ ခုထိ ကျန်တာဟ" ကျွန်တော်ကပဲ ဆက်ပြီး "ပြီးတော့လည်း ရှေးက လူတွေ ဟာ မှတ်ချင်သားချင် ရင် ကာရန် နဲ့သာ မှတ်တာပါပဲ ဥပမာ...လှည်းဝန်ရိုးသံတညံညံတို့...အုတ်ကြစ်ကျော်အေးတို့..စတာတွေဟာ ကာရန်ပါလို့သာ...ရွတ်ဆိုရာမှာ အသံချိုတယ် မှတ်ရလွယ်တယ် မျိုးဆက်တခုမှတခုထိ မှတ်မိနိုင်ကြတာကွ...ကာရံမပါတဲ့ မင်းတို့မော်ဒါန် ကဗျာတွေ ဟာ..ဒီနေ့ဆိုပြီး နက်ဖန်ကျ..ဘာရွတ်ခဲ့လဲ ဆိုတာတောင် မမှတ်မိနိုင်ဘူး"
အဲဒီလို ငြင်းခဲ့ကြပေမဲ့ ခုချိန်ထိ သူလည်းသူ့အမြင်ကို မစွန့် ကျွန်တော်ကလည်း မော်ဒါန် ကဗျား များဖတ်လေ့ရှိပေမဲ့.. သိပ်မထိလှပေ။ လူကြီး နဲ့ လူငယ် လို အသက်မကွာ ပေမဲ့ ကျွန်တော်တို့ အမြင်မတူခဲ့ကြပါ။
နောက်ဆုံး ဥပမာ ကတော့ လုပ်ငန်း ခွင်မှာပါ။ ကျွန်တော် ပထမ ဆုံး အလုပ်မှာ ကျွန်တော် နှင့် ရာထူးတူ တွဲအလုပ်လုပ် လုပ်ရသူမှာ ကော်ကေးဆပ် လူမျိုး အဖိုးကြီး ဖြစ်သည်။ အလုပ်စိမံ ခန့်ခွဲမှုပေါ်တွင် ကျွန်တော်နှင့် နည်းနည်း မျှ အမြင် မတူသူ ဖြစ်သည်။ သူက ဖြည်းဖြည်း လေးလေး သာ ဆွဲ၍ အလုပ်လိုသည်။ သူ့အကြောင်းပြချက် က အမှားအယွင်း နည်းအောင်၊ ကာစတမ္မာ ရဲ ကွန်ပလိန်း နည်းအောင်၊ အမှားကြောင်ထပ်ခါ ထပ်ခါလုပ်ရပြီး ကုန်ကျစရိတ် မတက်အောင် ဟု အကြောင်း ပြပါသည်။ ကျွန်တော့အမြင်က တမျိုးဖြစ်ပြီး အချိန်တိုင်းသည် ငွေ ဟု မြင်ထားသည်။ ပရောဂျက်ကို နှေးနှေး လုပ်၍ ဆွဲဆန့် လျှင် ကုန်ကျစရိတ်ပိုများပြီး၊ အမြတ်အစွန်းနည်းမည်၊ သတ်မှတ်ထားသော ရက်ထက် စော၍ ပြီးလျှင် ကုန်ကျစရိတ် ဖြတ်တောက်နိုင်၍ ကုမ္ပဏီအတွက်အမြတ်ပိုရမည်၊ ကျွန်တော်တို့အတွက် ဘောနပ်စ် ပိုရမည် ဟုတွက်သည်။ ပြီးတတ်သမျှ တွန်းလုပ်သော ကျွန်တော်နှင့် နှေးနှေး ဆွဲ လုပ်သော သူ့အကြား နေ့တိုင်းလိုလို စကားများကြရသည်။ ကျွန်တ်ာဝင်ပြီး ၆ လ အကြာမှာပဲ သူအလုပ်ထွက်သွားသည်။
ဒုတိယ အလုပ်တွင်တော့ ကျွန်တော့လူကြီး မှာ အမျိုးသမီး ဖြစ်သည်။ အသက်မှာလည်း ကျွန်တော့ထက်ကြီး လျှင် ၅ နှစ် ၆ နှစ် လောက်သာ ရှိမည်။ ဒုတိယ အလုပ်ကို စဝင် ခါစတွင် ထိုအမျိုးသမီးနှင့် အနည်းငယ် မျှမတည့်ပေ။ သူကလည်း သူ့စည်းမျဉ်း စည်းကမ်းတွေ စံတွေနှင့် မကိုက်ညီ သမျှ ကျွန်တော့ကို ဆူပူပါသည်။ ပရောဂျက် တခု၏ အတိုင်ပင်ခံ အဖွဲ့တွင် ပါဝင်ရသည် မို့ လည်း စနစ်တကျ အမြင်ကျယ်ကျယ် နှင့် အလုပ်လုပ်ကြရသည်။ ကျွန်တော်ကိုတိုင်ကလည်း သူ့စံများ၊ စည်းကမ်း များမှာ အင်မတန်ကောင်းသည် ဟု လက်ခံသောကြောင့် အစွမ်းကုန်ကြိုးစားပါသည်။ သူကိုယ်တိုင်ကလည်း စိတ်တံခါး ဖွင့်ထားသူ၊ Open Door ပေါ်လစီ ကျင့်သုံး သည်မို့ လက်တွဲလုပ်၍ အင်မတန် မှ အဆင်ပြေသွားသည်။ အလုပ်ဝင်ပြီး လေလ အကြာတွင် မျက်နှာလွှဲသွားသည်။ ကျွန်တော်ကိုင်တွယ်ရသော ကဏ္ဏကို ဝင်မစွက်တော့ပါ။ ပြဿနာ တခုကို ကိုင်တွယ်ဖြေရှင်းတိုင်း ကျွန်တော်တို့ အခြေတင်ဆွေးနွေးလေ့ ရှိသည်။ ကုမ္ပဏီ အတွင်းပိုင်းတွင် အားလုံးတူညီသော အမြင်ရပြီ ဆိုမှ ပြင်ပ အဖွဲ့အစည်း နှင့် ရင်ဆိုင်ဖြေရှင်းသည်။ ကြာကြာနေတော့ ကျွန်တော်တို့ အဖွဲ့ မှာ ရင်ဆိုင်ရ မလွယ်သော၊ တန်ဖိုးရှိသောအကြံများ ဆုံးဖြတ်ချက်များကို ပေးနိုင်သော အဖွဲ့အဖြစ် အမြဲနေရာ အပေးခံရသည်။ လူကြီး လူငယ် တို့၏သဘောထား အမြင်တူညီမှု၊ ခေါင်းဆောင်နိုင်မှု၊ မှန်ကန်သော စီမံ ခန့်ခွဲ မှု တို့၏ ရလာဒ်ဟု ပင်ဆိုချင်ပါသည်။
အထက်ပါ ဥပမာ များကို ထည့်သွင်း စဉ်းစားပြီးချိန်တွင်တော့၊ လူကြီး လူငယ်တို့၏ သဘောတူညီမှု၊ ကွဲလွဲမှုတို့သည် နေရာတိုင်းတွင် ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေဦးမည် ဖြစ်ပေသည်။ ထိုတူညီမှု ကွဲလွဲမှုတို့ ကို ကောင်းစွာစီမံ ခန့်ခွဲ နိုင်မည် ဆိုလျှင်၊ မိမိပူးပေါင်း ပါဝင်ရာ အဖွဲ့ အစည်း၏ ဖွံဖြိုးစည်ပင်ရာ၊ တဦးချင်းစီ၏ တိုးတက်ရာ သို့ ဦးတည်မည်ဖြစ်သော် လည်း၊ မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်း မည်ဆိုလျှင်တော့ အဖွဲ့အစည်း၏ ကျဆုံးရာ၊ တဦးချင်းစီ၏ ဆုတ်ယုတ်ပျက်စီးရာသို့သာ ဦးတည်ပေလိမ့်မည်။ မှားယွင်းသော စီမံခန့်ခွဲမှု၏ အကျိုးဆက်မှာ လည်း ရေတိုတွင် သိသာထင်ရှားခြင်းမရှိပဲ၊ ရေရှည်ကာလ တခုကြာမြင့်ပြီးမှသာ ဗြုန်းကနည်း တွေ့မြင်နိုင်သည်မို့ လက်တလောအနေဖြင့် ကိုင်တွယ်ပုံ မှားသည် မှန်သည် ပြောဆိုဝေဖန် ရန် မလွယ်လှပေ။ မည်သို့ပင်ဆိုစေ အထက်ပါ လူကြီး လူငယ် ဥပမာ များမှာတော့ ကျွန်တော့အတွက် မှတ်မှတ် ရရ ရှိလှပေတော့သည်။