ဖေဖေါ်ဝါရီ ခရီးသွားကပြန်လာပီး စိတ်ဝင်စားတဲ့အကြောင်းလေးတွေ ကိုစရေးဖြစ်ပေမဲ့ အဆုံးမသတ်နိုင်လို့ ပိုစ် ၃ ခုလောက် Draft မှာအောင်းနေခဲ့ပါတယ်။ စိတ်ဝင်းစား မိနေတဲ့ခေါင်းစဉ်ကလည်းတော်တော် များတာဆိုတော့ ကိုယ့်စိတ် ကိုတိုင်က ကစဉ်ကလျှားနဲ့ ဘာမှပီးမြောက်အောင်မလုပ်နိုင်ဘူး ဖြစ်နေခဲ့တာပါ။ ပီးခဲ့တဲ့အပတ်က စာတိုက်ပုံးစစ်တော့မှ SOS ဆိုပီး စာအုပ်ငယ် တခုနဲ့ CD တပြားတွေ့ရတော့ စိတ်ဝင်စားစရာ တခုထပ်တိုးလာပြန်တာပါပဲ။ ပိုဆိုးတာက အဲဒီ စာအုပ်ပေါ်မူတည်ပြီး ပိုပီးသိစရာတွေ၊ သိချင်လာတာတွေ ပိုများလာပြန်တာပါပဲ။ စာအုပ်လေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေး လို့ထင်ရပေ့မဲ့ သက်သက်လွတ် စားဖို့ကိုသာစောင်းပေးပီး ရေထားတယ်လို့ ထင်မိတယ်။ အသား နှင့် အသီးအနှံ မျှတအောင် စားရမှာ ပဲ ဟု ငယ်ငယ် ကတည်းကခံယူထားတာ မို့ သူ့ စာအုပ်မှာပါလာတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သာကိုယ်က ပို စိတ်ဝင်စားမိတယ်။
ကမ္ဘာကြီး ပို ပူလာတယ်၊ ကာဗွန်တွေကြောင့် ဆိုတာက လွဲလို့ ကျန်တဲ့ဗဟုသုတ ဘာမျှ မရှိခဲ့တာအမှန်ပါ။ ကမ္ဘာ နဲ့ ကာဗွန် ဘယ်လို ဆက်သွယ် ပက်သက်နေ သလဲ၊ ကာဗွန်က ဘာကြောင့် ကမ္ဘာ ကိုပူစေ တာလည်း ဆိုတာ ကျွန်တော် တခါမှ မစဉ်းစားဖူး တဲ့အကြောင်း အရာတွေပါ။ စိတ်မ၀င်စားခဲတာလည်းပါမှာပါ။ ခုတော့ တကမ္ဘာလုံးကလည်း Global Warming ၊ အိမ်ကို ဖုန်းဆက်တော့လည်း ပူလိုက်တာသားရေ ၄၀ ဒီဂရီ စဲစယက် တောင်ရှိတယ် ဆိုတာတွေကို အဆက်မပြတ်ကြားနေရတယ်။ နောက်ဆုံးတော့ SOS ဆိုတဲ့ စာအုပ် ကလေးက ကျွန်တော့ အတွေးထဲမှာတောင် မရှိတဲ့ မေးခွန်း တွေကို ရှာဖွေဖတ်ရှုဖို့ တွန်းအားပေးခဲ့တယ်။
ပထမဦး ဆုံးစိတ်ဝင်တစား သိလိုက်ရတာတော့ ကျွန်တော်တို့ ကမ္ဘာကြီး ကိုယ်တိုင် က အပူတွေထုတ်လွှတ်နေတယ် ဆိုတာပါပဲ။ ထုတ်လွှတ်လိုက်သော အပူပမာဏရဲ့ ၂၀ ရာခိုင်နှုံး ဟာ ကမ္ဘာ အပါအ၀င် ဂြိုတွေလည်ပတ်မူ စွမ်းအင်ကြောင့်ဖြစ်ပေါ် လာတာဖြစ်ပီး၊ ကျန်တဲ့ ၈၀ ရာခိုင်နှုံး ကတော့ ရေဒီယိုသတ္တိကြွပီး လျှပ်စစ်သံလိုက်လှိုင်းထုတ် လွှတ်မှု့ကြောင့်လို့ဆိုပါတယ်။ အဲဒီနေရာကျ မှ ကာဗွန်က ၀င်ပီး အကျိုး(အဆိုး)ပြုတာပါ။ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ တချို့ ဂတ်စ်တွေက ကမ္ဘာမြေက စွန့်လိုက်တဲ့ အပူတွေကို အာကသထဲ အလွယ်တကူရောက်မသွားအောင် စုတ်ယူထိန်းသိမ်း ထားလိုက်တာပါ။ အဲဒီလိုဖြစ်ရပ် ကိုတော့ Greenhouse effect လို့ခေါ်ပါတယ်။
ဒီနေရာမှာ စဉ်းစား စရာက ဟိုးကနဦးအစကတည်းက ကမ္ဘာကလည်နေ တယ်၊ နဂိုကတည်းကလည်း ကာဗွန်ဒိုင်အောက်ဆိုက်တွေရှိနေတယ်၊ ခုမှဘာလို့ Global Warming ထအော်ရသလဲ၊ ဘာလို့ ကမ္ဘာ့ အပူချိန်ပိုတက်လာရလဲ။ အကြမ်းအားဖြင့်တော့ ကမ္ဘာနှင့် အ၀ှမ်း မြို့ပြတွေ တိုးတက်လာကြတယ်...တိုးတက်လာသည်နှင့် အမျှ မြို့ပြလိုအပ်ချက်အရ သစ်ပင်တွေခုတ်ရခြင်း၊ မြို့ပြ အသုံးအဆောင်ပစ္စည်းများမှ ဘေးထွက် ဓါတ်ငွေ့အဖြစ် ကာဗွန်ဒိုင်အောက်ဆိုက်များ လေထုအတွင်းစွန့်ထုတ်လာကြခြင်း (မော်တော်ကားများ၊ စက်ရုံများ၊ စိုက်ပျိုးမြေအတွက် သစ်တောမီးရှို့ခြင်းများ) ကြောင့်ဖြစ်သည်ဟုဆိုရပေမည်။ သစ်ပင်၊ အောက်ဆီဂျင်နှင့် ကာဗွန်ဒိုင်အောက်ဆိုက် ဆက်သွယ်မှုကိုတော့ လူတော်တော် များများသိပီးသားမို့ အထွေအထူး အဖြစ်အကျယ်မပြောတော့ပါ။ အကျဉ်းအားဖြင့် သစ်ပင်သည် ကာဗွန်ဒိုင်အောက်ဆိုက်ကို အသုံးပြုကာ အလင်းဖြင့်အစာဖွဲ့စီးပီး အောက်ဆီဂျင်ကို လေထုအတွင်းသို့ဘေးထွက်ဓါတ်ငွေ့အဖြစ်ပြန်လည်ထုတ်လွှတ်ပေးသည်။ ဤဆက်သွယ်ချက်ကို သိသော်ညားလည်း အရွယ်ရောက်ပီးသစ်ပင် တပင်သည် တနှစ်လျှင်ကာဗွန်ဒိုင်အောက်ဆိုက် မည်မျှစုတ်ယူ၍၊ အောက်ဆီဂျင်မည်မျှထုတ်သနည်းဟုမေး လျှင်မူ ရုတ်တရက် ချက်ချင်းဖြေရန် မလွယ်ကူလှပေ။
Breathing Earth ၏အဆိုအရ ကျွန်တော်တို့ ဗမာနိုင်ငံသည် ၅၄ မိနစ် တိုင်း ကာဗွန်ဒိုင်အောက်ဆိုက် တန် ၁၀၀၀ ထုတ်လုပ်နေပီး၊ ပျမ်းမျှခြင်းအားဖြင့် လူတယောက်သည် တနှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၀.၂ တန်လေထု အတွင်းသို့ရှုထုတ်လျှက်ရှိသည်။ အရွယ်ရောက်ပီး သစ်ပင်တစ်ပင်၏ ကာဗွန်ဒိုင်အောက်ဆိုက် စုပ်ယူနှုံးမှာမူ တနှစ်လျှင်ပျမ်းမျှအားဖြင် ၄၃ ပေါင်နှုံး ရှိ၍၊ အောက်ဆီဂျင်ထုတ်လုပ်နှုံးမှာမူ တနှစ်လျှင် ၁၁၅ပေါင်နှုံးရှိ သည်ဟု Colorado Tree အဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်အရသိရှိရသည်။ အရွယ်ရောက်ပီး သစ်ပင်ဟုဆိုရာ၌ သစ်ပင် ပင်စည်လုံးပတ် သည် ရင်ညွန့်အမြင့်(၁.၅ မီတာ) ၌ ၂၀ လက်မ ၀န်းကျင်ရှိသော သစ်ပင်မျိုးကိုဆိုလို ခြင်းဖြစ်သည်။
အထက်ပါ အချက်အလက်များအရ လက်ရှိ ကျွန်တော်တို့ နိုင်ငံ၏ ကာဗွန်ထုတ်လုပ်နှုံး ကိုထိန်းသိမ်းနိုင်ရန် လူတယောက်အတွက် သစ်ပင် (20 DBH) ၂ ပင်လိုအပ်ပါသည်။ လက်ရှိသစ် ထုတ်လုပ်မှုအခြေအနေ၊ သစ်တောထိန်းသိမ်းမှု အခြေအနေ မည်သိုရှိသည် မသိ၍ ကျွန်တော်တို့နိုင်ငံ ၏ ecosystem မပျက်မစီး ရှိသေးသည်ဟု ပြောရန်ခက်လှသည်။ ဥပမာ သစ်တောများ ရှိသေးသည်ဟု ဆိုသော်ညားလည်း ၀ါးတော သို့မဟုတ် တောပြုတ်စပ် ဖြစ်နေနိုင်ပါသည်။ မြန်မာ့ သစ်တောစီးမံ ခန့်ခွဲမှုနှင့် ပက်သက်၍ သစ်တောဦးစီး မှလည်းကောင်း၊ နိုင်ငံတကာမှ လည်းကောင်း စာတမ်းများစွာ ထွက်ရှိထားသော်လည်း၊ စားတမ်းများ သုတေသနများ နှင့်ဆန့်ကျင်စွာမြန်မာ့ ရာသီဥတုမှာ ဆိုးဝါးသထက် ဆိုးဝါး လာနေပေသည်။ မိုးလေ၀သ ဦးစီးဌာန ၏ ခန့်မှန်းချက် အရ နောင်တွင် မြန်မာ ပြည်ပ၌ အက်ဆစ်မိုး စရွာနိုင်သည် ဟုဆိုပါသည်။ Earth Trends ရဲ့ မြန်မာပြည် နဲ့ ပက်သက်တဲ့ ပေပါတခု ကိုလည်း ဒီမှာတွေ့နိုင်ပါ တယ်။
ဤနေရာတွင် ကျွန်တော်ပြောခဲ့တာလေးတွေ ကို ကောက်ကြောင်းပြန်ဆွဲလိုပါသည်။ ကာဗွန်ဒိုင်အောက်ဆိုက် ဓါတ်ငွေ့များကြောင့် ကမ္ဘာကြီးပိုမို ပူနွေးလာပီး၊ သစ်တောပြုန်းတီးမှု မြို့ပြဖွံ့ဖြိုး လာမှုတို့က လည်း လေးထုအတွင်းကာဗွန်ဒိုင် အောက်ဆိုက်များပြားစေကာ ကမ္ဘာ့ ပူနွေးမှုကို အရှိန်အဟုန် မြှင့်ပေးလျှက်ရှိသည်။ ဤနှုံး အတိုင်းဆက်လက် သွားမည်ဆိုလျှင် နောင်တွင် ကမ္ဘာပေါ်၌ လူသား အပါအ၀င် သက်ရှိသတ္တ၀ါများ အသက်ရှင်နေထိုင်ရန် အင်မတန် ခက်ခဲပေ လိမ့်မည်။ ထိုအချိန်သည် မျက်မြင်တွေ့ရန်တော်တော် လိုသေးသည်ဟု ဆိုနိုင်ပေသည်။ လက်ရှိ လက်တွေ့ တွေမြင်နိုင်တာကတော့ ရေခဲတောင်များ အရည်ပျော်နေခြင်း၊ ပင်လယ်ရေ မျက်နှာပြင် မြင့်တက်လာခြင်း နှင့် 24 မတ်လ 2010 ရက်နေ့ တိုင်းမ် သတင်း စာတွင် ပါလာသော New Moore Island ပြောက်ဆုံး သွားခြင်းတို့ပင် ဖြစ်သည်။
ပင်လယ်ရေ မျက်နှာပြင်မြင့်တက် လာခြင်းကို သာမာန် မျှ မကြည့်ဘဲ၊ ထဲထဲ ၀င်ဝင် လေ့လာကြည့် မည်ဆို လျှင်လည်း စိတ်ဝင်စား စရာကောင်းလှသည်။ သိပ္ပံ ပညာရှင်တို့၏ အဆိုအရ လွန်ခဲ့သော ၁၀ စုနှစ်အတွင်း ပင်လယ်ရေမျက်နှာပြင်သည် နှစ်စဉ် 0.2 လက်မ နှုံး နှင့်မြင့်တက်လျှက်ရှိသည်။ လူသားမျိုးနွယ်ဖွံဖြိုး တိုးတက်မှုနှင့် ရေအရင်းအမြစ်သည် ခွဲခြား၍ မဖြစ်နိုင် သလို့ နိုင်ငံများ၏ မြို့တော် များသည် လည်း ပင်လယ်ကမ်းရိုးတန်း အစပ်တွင်သာရှိကြသည်။ ပင်လယ်ရေမျက်နှာပြင် အတိုင်းအတာ တခုအထိမြင့်တက်လာချိန်တွင် ရေလွှမ်းမိုးမှု၊ သဘာဝဘေးအန္တရယ် နှင့် ရောဂါဘယ များကို ထိုမြို့ကြီးများက ပိုမို ခံစားရမည်မှာ မလွဲပေ။
ထိုကြောင့် ကျွန်တော်တို့ နေထိုင်သော ကမ္ဘာမြေကြီး အရှည်သဖြင့် စိမ်းလန်းသာယာရေး၊ လူသားမျိုးနွယ်နှင့် တခြားသက်ရှိသတ္တ၀ါ များ ပြုန်းတီးပျောက်ကွယ် မသွားစေရန် တဦးခြင်းစီ တယောက်ခြင်းစီ အနေနှင့် တစုံတခု အမြန်ဆုံး လုပ်ပေး သင့်သည်ဟု ကျွန်တော်မြင်မိသည်။ တစ်ဦး ခြင်းစီ တွင် ပိုမို၍ ကောင်းမွန်သော အစီအမံ များရှိနေနိုင်သည် မို့ ဤပို့စ်လေး ကို ဖတ်မိသူများလည်း သစ်ပင် စိုက်ပါ ဆိုသည့် ယျေဘုံယျ အကြံဥာဏ် မျှနှင့် မပိတ်ဆို့လိုပါ။ ကျွန်တော့် တွင်တော့ ထိုထက်ကောင်း သည့် အကြံ မရှိသေးသည် မို့ သစ်ပင်စိုက်ပါမည်။ ကျွန်တော့ အတွက်၊ အများ အတွက်၊ နောက်မျိုးဆက် ၁ ဆက်၊ ၂ ဆက်၊ ၃ ဆက် အတွက် ကျွန်တော်သစ်ပင်စိုက်ပါ မည်။
Other Ref: http://rainforests.mongabay.com/deforestation/2000/Myanmar.htm
http://earthtrends.wri.org/pdf_library/cp/cli_cou_104.pdf
http://www.time.com/time/health/article/0,8599,1974819,00.html
Showing posts with label KNOWLEDGE. Show all posts
Showing posts with label KNOWLEDGE. Show all posts
Friday, April 9, 2010
Thursday, December 31, 2009
စကားအင်္ဂါ (၁၀)ပါး
အောင်မြင်ခြင်းသည် လူအချင်းချင်း ပြေပြစ်စွာ ဆက်သွယ်နိုင်ခြင်းပေါ်တွင် အခြေတည်ပါသည်။ အောင်မြင်လိုသူများသည် စကားအင်္ဂါ အချက် (၁၀) ချက် ကိုသေသေချာချာလေ့လာပြီး မိမိကိုယ်ကို လေ့ကျင့် သင့်ပေသည်. . . .
၁။ အချိန်ကို လေ့လာ၍ ပြောဆိုခြင်း။
၂။ မှန်သောစကားကိုသာ ပြောဆိုခြင်း။
၃။ အကြောင်းနှင့်အကျိုး ခိုင်လုံသောစကား (တရားအားလျော်စွာ စကား) ကိုပြောဆိုခြင်း။
၎။ အကျိုးရှိမည့် စကားကိုသာ ပြောဆိုခြင်း။
၅။ ချစ်ခင်ဖွယ်ကောင်းအောင် ပြောဆိုခြင်း။
၆။ ပြုံးရွှင်စွာ စကားပြောတတ်ခြင်း။
၇။ စကားပြောဆိုရာတွင် ချင့်ချိန်၍ ပြောဆိုခြင်း။
၈။ စကားပြောဆိုရာတွင် မနှေးလွန်း မမြန်လွန်ဘဲ အေးဆေးစွာပြောဆိုခြင်း။
၉။ စကားအသုံးအနှုန်းကို မှန်ကန်စွာနှင့် ယဉ်ကျေးစွာပြောဆိုခြင်း။
၁၀။စကားပြောဆိုရာတွင် ဗလုံးဗထွေး မပြောဘဲ ရှင်းလင်းပြတ်သားစွာ ပြောဆိုခြင်း။
အထက်ပါ (၁၀) ချက်နှင့် ပြည့်စုံသူဖြစ်ပါက နှစ်လိုဖွယ်ကောင်းအောင် စကားပြောတတ်သူ ဖြစ်လာမှာ အသေအချာပင်ဖြစ်ပါသည်။
(သီတဂူဆရာတော်၏ တရားတော်တစ်ခုထဲမှ ထုတ်နှုတ်တင်ပြပါသည်)

Thursday, September 10, 2009
သဘာဝ ဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး စီမံကိန်း တိုးတက်မှု အစီရင်ခံစာ ၃၀ ဇွန် ၂၀၀၆
မြန်မာနိုင်ငံ၏ ပြည်နယ်နှင့် တိုင်းများဖြစ်ကြသော ရခိုင်ပြည်နယ်၊ ဧရာဝတီ တိုင်း နှင့် တနင်္သာရီ တိုင်း တို့ သည် ကမ်းရိုးတန်းဒေသများဖြစ် ကာ ကမ်းရိုးတန်း အရှည် ၁၉၀၀ ကီလိုမီတာခန့် ရှည်လျှားသည်။ ကမ္ဘာ အရပ်ရပ်ရှိ ဒီ ရေတောများ ပြုန်းတီး ပျောက်ကွယ်နေ သည်နှင့် အမျှ မြန်မာ့ ဒီရေတောများ လည်းလျှော့ပါးပြုန်းတီးလျှက်ရှိကြ သည်။ မြန်မာနိုင်ငံတွင် ဒီရေတော ပြုန်းတီးရခြင်း၏ အဓိက အကြောင်းအရင်းများ မှာ၁) ထင်းနှင့် မီးသွေးများ အလွန် အကျွှံ ထုန်ယူ သုံးဆွဲခြင်း၂) လူနေ ထူထပ်လာခြင်း၃) စိုက်ပျိုးမြေ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း၎) တရားမ၀င် ပုစွန် မွေးကန်များ အတွက် ဒီရေတောများအား ခုတ်ထွင်ရှင်းလင်းခြင်း တို့ကြောင့်ဖြစ်သည်။၁၉၂၄ မှ ၁၉၈၄ အထိ မှတ်တမ်းများ အရ၊ ၁၉၉၅ ခုနှစ်တွင် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော များသည် ၁၉၂၄ ခုနှစ် တွင် ရှိခဲ့သော ဒီရေတော ပမာဏ၏ ၁၂.၃ ရာခိုင်နှုံး သာ ကျန်တော့ သည်။ ၁၉၈၁ မှစတင်ကာ သစ်တော ဋ္ဌာန မှ နှစ်စဉ် ဒီရေတော ဧက ၁၀၀၀ ကျော် စိုက်ပျိုးခဲ့သော်လည်း၊ ပြုန်းတီးမှု နှုန်း နှင့် ဧရိယာ ကို မမီနိုင်ခဲ့ပေ။ နောက်ပိုင်းတွင် UNDP, FAO, JICA နှင့် INGOs တို့မှ မြန်မာ့ ဒီရေတော ထိန်းသိမ်း ရေး အတွက် လိုအပ်သော အကူအညီများပေးခဲ့သည်။ လွန်ခဲ့သော နှစ် အနည်းငယ် အတွင်း တရားမ၀င် ပုစွန်ကန် တူးဖေါ်မှုသည် ဒီရေတော ထိန်းသိမ်း ရေး စီမံကိန်း အတွက် အဓိက ပြဿနာ ဖြစ်လာခဲ့သည်။ ဒီရေတော ပြုန်းတီးလာ သည် နှင့် အမျှ တဖက် တွင်လည်း ဒီရေတောကို မှီ၍ ဖြစ်တည်နေသော ကမ်းရိုးတန်း ကုန်းမြေနှင့် ရေနေ သတ္တ၀ါ တို့ မှာလည်း တိုက်စား ပြုန်း တီး၍ လာကြသည်။သစ်တောဋ္ဌာန သည် Mangrove Action Project (MAP) ၏အကူအညီဖြင့် Mangrove Service Network (MSN) နှင့် ပူးပေါင်းကာ ဒီရေတော စိုက်ပျိုးရေး စီမံကိန်း တခု ကို စတင်ခဲ့ သည်။ ၎င်းစီမံကိန်း၏ ရည် ရွယ်ချက်မှာ ၁) ဧရာဝတီ မြစ်ဝကျွန်းပေါ် ရှိဒီရေတော ပေါက်ရောက်ပုံ အဆင့်ဆင့် ကို လေ့လာစောင့်ကြည့်ရေး ၂) ဒီရေတော စိုက်ပျိုးပုံ အဆင့်ဆင့် ကို သရုပ်ပြ အကောင်အထည်ဖေါ်ရေး ၃) ဒေသ အတွင်း ဒီရေတော စိုက်ပျိုးရေး ကို အရှိန် အဟုန်မြှင့် ဆောင်ရွက်ရေး တို့ ဖြစ်သည်။
လက်ရှိ မြန်မာပြည်၏ ဒီရေတော ခြေအနေ
မြန်မာပြည်၏ ဒီရေတော များကို ဒေသ ၃ ခုတွင် အောက်ပါ အတိုင်းတွေ့ရှိရသည်။

၁၉၂၃ မတိုင်မီ (သစ်တောစီမံ ခန့်ခွဲမှု မရှိ)၁၉၂၄ မှ ၁၉၄၈ သစ်တောကြိုးဝိုင်း စနစ်ဖြင့် စီမံ ခန့်ခွဲသည်၁၉၄၉ မှ ၁၉၇၂ တော်လှန်ရေးကောင်စီကာလ - သစ်တောဥပဒေပြဋ္ဌါန်းခြင်း မရှိသေး၁၉၇၀ မှ ၁၉၉၂ လူဦးရေ ၄ သန်းခန့်ရှိသော ရန်ကုန်မြို့အတွက် ထင်းနှင့် မီးသွေး စည်းကမ်းမဲ့ထုတ်ယူခဲ့သည်၁၉၉၃ သစ်တော ဥပဒေပြဋ္ဌါန်း၍ ထင်းနှင့် မီးသွေး ထုတ်လုပ်မှုအား ပိတ်ပင်ခဲ့သည်၁၉၉၅ သစ်တော ဋ္ဌာနမှ Community Forest Instruction ကို ထုတ်ပြန်ခဲ့သည်။
စီမံကိန်း အနှစ်ချုပ်
တည်နေရာ: NO.62, လပွတ္တာမြို့နယ်၊ ဧရာဝတီတိုင်း၊ မြန်မာ။(N-15°48¢16², E-94°55¢53² as of GPS reading)
ဧရိယာ: ဧက ၁၀၀
မြေအနေထား: မြေပြန့် (ပုစွန်ကန်ဟောင်း များရှိခဲ့သော မြေလွတ် မြေရိုင်း)
မြေ၏ PH: 5.3 – 5.5, ရွှံ့မြေ
နှစ်စဉ် မိုးရေချိန် ပျှမ်းမျှ: 120 လက္မ (မေလ လယ် မှ စက်တင်ဘာလကုန်ထိ)
ဆားပါဝင်နှုန်း: 27ppt (in April), 30 ppt (in May), အိုးဘိုချောင်း
ဒီရေ အတက်အကျ: တလလျှင် ၁၀ကြိမ်အောက် ဒီရေလွှမ်းခြင်းခံရသော ဧက ၃၀တလလျှင် အကြိမ် ၂၀ မှ ၃၀ ကြား ဒီရေလွှမ်းခြင်းခံရသော ဧက ၆၀တလလျှင် အကြိမ် ၃၀ နှင့် အထက် ဒီရေလွှမ်းခြင်းခံရသော ဧက ၁၀
အဓိကမျိုးစိတ်: Ceriops decandra, Excoecaria agallocha (in surrounding area)
စီမံကိန်းကာလ: ဇန္န၀ါရီလ ၂၀၀၆ မှ ဒီဇင်ဘာ ၂၀၁၀
အကောင်အထည်ဖေါ်မည့် အဖွဲ့အစည်း: Mangrove Service Network (MSN)
ပူးပေါင်း ပါဝင်မည့် အဖွဲ့ အစည်း: သစ်တောဋ္ဌာန
နိုင်ငံ တကာမှ ပူပင်စွာနှင့် စီမံကိန်းချ ဆောင်ရွက်နေစဉ် မှာပင် ဒီရေတောကင်းမဲ့ခြင်း၏ အကျိုးဆက်ကို ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သော Nargis မုန်တိုင်း မှ သက်သေပြခဲ့သည်။ ရေကြီးခြင်းနှင့် မုန်တိုင်း တိုက်ခြင်းသည် ဧရာဝတီ တိုင်း အတွက် အတွေ့အကြုံရှိပြီး ဖြစ်သော်လည်း၊ တကမ္ဘာလုံး ရာသီဥတု ဖေါက်ပြန်နေ သောအချိန်၊ အင်အားကြီးမားလှစွာသော Nagis မုန်တိုင်း၊ မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ၂၄ပေ အမြင့်ရှိသည့် မုန်တိုင်းဒီရေ၊ ဒီရေတောပြုန်တီး၍ အကာအကွယ်မဲ့နေပြီဖြစ်သောကမ်းရိုးတန်း၊ ထိုအခြေအနေများအား လုံးပေါင်းစည်းမိသောအခါ လူဦးရေ ၁ သိန်းကျော် သေဆုံးခဲ့ရသည့် အဖြစ်ဆိုးကြီးကို မျက်ဝါးထင်ထင်တွေမြင်ခဲ့ရပြီဖြစ်သည်။ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ သစ်တောများထိန်းသိမ်းခြင်းသည် ကျွန်ုပ်တို့ ကမ္ဘာ ကြီးသာယာရေးအတွက် အလွန်အရေးကြီးသော အချိန်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အသိပညာပေးခြင်း၊ ပူးပေါင်းပါဝင်ဆောင်ရွက်စေခြင်း၊ စသောလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ပါသည်။
(ဥတုရာသီ တောကိုမှီ၏။)
Ref: http://www.mangroveactionproject.org/

Subscribe to:
Posts (Atom)