Tuesday, May 31, 2011

စိတ္တဇ..အတွေးများ..

အားရပါးရ ရယ်နေတဲ့ ကျွန်တော် ဟာ... စိတ်ဓါတ်ကျနေသူ တယောက်လို့ ဘယ်သူကထင်ပါ့မလဲ..

အကြောင်းအမျိုးမျိုးကြောင့် စိတ်ဓါတ်ကျနေတဲ့ သူငယ်ချင်းတွေ ကို အားကျိုး မာန်တက် အားပေးနေတဲ့ ကျွန်တော်ဟာ.. စိတ်လေလွင့်နေသူတဦးဖြစ်နေတယ်ဆိုတာကို သူတို့ကိုပြောမပြရက်တဲ့ အခါ...

ကျွန်တော်ချမှတ်ထားတဲ့ စည်းမျဉ်းတွေ ကို ကျွန်တော်ကိုယ်တိုင် မလိုက်နာတော့ တဲ့ အခါ..

ကျွန်တော့ရဲ့ ဘဝ ရည်မှန်းချက် တွေ ပျောက်ဆုံး ကုန်တဲ့ အခါ...

ဘဝ မှာ ရှေ့ဆက်လျှောက်ဖို့အတွက် တွန်းအားမှန်သမျှ ပျောက်ဆုံးသွားတဲ့ အခါ...

စာမေးပွဲကျသလိုမျိုး အရှုံးတော်တော် များများကို ရင်မှာ ပိုက်ထားရတဲ့ အခါ...

အောင်မြင်မှုတွေအတွက် စွန့်လွှတ်မှုတွေ များရပါလားလို့ သဘောပေါက်နားလည် လာတဲ့အခါ..

မစွန့်လွှတ်နိုင်သော တန်ဖိုးထားရသော အရာများအတွက် ထိုအောင်မြင်မှုဆိုတာတွေကို နာကြည်းမှုအပြည့် နဲ့ ပြစ်ထိုးလိုက်မိတဲ့ အခါ...

ဝေ့ဝါးလာတဲ့ မျက်ဝန်းအိမ်ဟာ ကျွန်တော့ပါးပြင်ပေါ် ပြိုကျမလာဖို့.. ခေါင်းကို ခတ်ဆတ်ဆတ် ခါပြစ်ရင်း...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်ဓါတ်ကျနေဦးမှာလဲ...

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်လေလွင့်နေဦးမှာလဲ....

ကျွန်တော်ဟာ ဘယ်အချိန်ထိ စိတ်အလိုလိုက်နေဦးမှာလဲ...

မေးခွန်းတွေအတွက် မဖြေမရှိတော့တဲ့ အခါ...

ကျွန်တော်ဟာ ဘာကြောင့်များ ဆက်အသက်ရှင်နေတာပါလိမ့်...

Wednesday, March 23, 2011

သစ္စာမြေ ဝယ်...

ဂိမ္မာန်နွေ ခါခါကျော့ ပြန်တော့
နှော့ပြန်ပေါ့လေရူးတွေ
ရွက်ဝါကြွေ မြေဝယ်ခကာပ
လောကကို အလှဆင်တယ် အချင်းနဲ့လေ။

တာတခူးမှာလ ပျော်မြူးကြဖေါ်ချင်းတွေ
ဆွေးမြေ့ကာ မရွှင်အား
တပြည်သူ ခင်ခင်ထားကိုမှ
ပွါးမိတဲ့..မောင့်မေတ္တာ
ဗျာဘာ သာကြွင်းပီမို့
ဝင်းကြည်တဲ့ ခင့်မျက်နှာ
မျှော်မှန်းကာ ပြောချင်ပ
တသက်မှာ ဒီတချစ်
တချစ်တယောက်တည်းရယ်မို့
မသွေတဲ့ သစ္စာမြေဝယ်...
လွမ်းရစ်မယ်..မငိုတမ်း။   ။

Saturday, March 12, 2011

စူနာမီ

မတ်လ ၁၁ ရက်၊ သောကြာ နေ့ ဂျပန်တွင်လှုပ်ခတ်သွားသော ငလျှင်ကြောင့် တရုံးလုံး လှုပ်လှုပ် ရွရွဖြစ်နေသည်။ ဤရုံးတွင်ရှိသော ဝန်ထမ်းတော်တော်များများမှာ အင်္ဂလန် မှဖြစ်သော် လည်း ကော်မာရှယ် မန်နေဂျာ က စူနာမီ သတိပေး သတင်းထွက်နေကြောင်း အရေးတကြီး ဆွေးနွေးစရာလို ဖြတ်သွားသမျှ လူကိုပြောပြနေသဖြင့် အားလုံးကပြူးတူးပြဲတဲ နှင့် အရေးစိုက်စရာဖြစ်နေခဲ့သည်။ အမှန်တော့ စင်ကာပူရော၊ အင်္ဂလန် ပါ စူနာမီ သတိပေး ဒေသတွင်မပါပေ။ သို့သော် ထိုဒေသတွင် နေထိုင်သည့် လူများခံစားရမည့် ဒုက္ခ ကို ပမာမျှ စဉ်းစာရုံနှင့် အသေအပျောက်များမည့် အရေး၊ အိုးပျက် အိမ်ပျက်ဖြစ်မည့်အရေး၊ ရောဂါဘယ များခံစားရမည့် ဘေး၊ ချစ်သူခင်သူတို့နှင့်ကွေကွင်းရမည့်ဘေး၊ ခံစားရမည့် စိတ္တဒုက္ခ ကာယဒုက္ခ အပေါင်းတို့မှာ စဉ်းစားကြည့်ရုံနှင့်ပင် အင်မတန်မှ စိတ်မကောင်းဖြစ်ရသည်။ အမှန်တော့လည်း စူနာမီဆိုသည်မှာ သတ္တန္တရကပ် လို့ပင်ဆိုရမည်၊ ကြိုတင်ခန့်မှန်း၍ သတိပေးနိုင်သော်လည်း ဖြစ်ချင်မှ ဖြစ်၍၊ သတိပေးထားသော နေရာဒေသ မဟုတ်သော်လည်း ဖြစ်ချင်ဖြစ်နေတတ်သည်။

စူနာမီ ဆိုသောအမည် မှာ ဂျပန် နိုင်ငံ မှစတင်ခဲ့သော အမည်ဖြစ်သည်။ "စူ" မှာ ဆိပ်ကမ်းကို ရည်ညွန်း၍၊ "နာမီ" မှာ လှိုင်း ကို ရည်းညွန်းသည်။ စူနာမီရေလှိုင်းတို့သည် ပင်လယ်သမုဒ္ဒရာ ရေနက်ပိုင်း ဒေသတွင်ဖြစ်ပွါးသေား ပြင်းထန်သည့် ငလျှင်ကြီးများမှ စတင်ဖြစ်ပေါ်လေ့ရှိသည်။ သမုဒ္ဒရာအတွင်း နေ့စဉ်တိုက်ခတ်နေ သော လေကြာင့်ဖြစ်ပေါ်နေသော သမုဒ္ဒရာလှိုင်းတို့မှာ ပျှမ်းမျှအားဖြင့် လှိုင်းအလျှား မှာ မီတာ ၁၀၀ ခန့်ရှိပြီး၊ လှိုင်းအမြင့်မှာ ၂ မီတာ (လူတရပ်ကျော် ခန့်) ရှိသည်။ စူနာမီကြောင့်ဖြစ်ပေါ်သော လှိုင်းတို့မှာမူ လှိုင်းအလျှား ကီလိုမီတာ ၂၀၀ ခန့် (မိုင် ၁၂၀ ခန့်) ရှည်လျှား၍၊ လှိုင်းရွေ့လျှားနှုန်းမှာ တနာရီ ကီလိုမီတာ ၈၀၀ ခန့် (တနာရီ မိုင် ၅၀၀ ခန့်) ရှိသည်။ လှိုင်းအလျှား အင်မတန်မှ ရှည်လျှား၍ စူနာမီကြောင့်ဖြစ်ပေါ်သောလှိုင်းတို့ မှာ ပင်လယ်ရေနက်ပိုင်းတွင် သိသာထင်ရှားမှုမရှိဘဲ လှိုင်းအမြင့်မှာ ၁ မီတာ (၃ ပေကျော်ခန့်) သာရှိ သည်။

ပင်လယ် သမုဒ္ဒရာရေနက်ပိုင်းမှ ဖြစ်ပေါ်လာသော စီနာမီလှိုင်းတို့သည် ပင်လယ်ကမ်းရိုးတန်း သို့ရောက်သောအခါ ကမ်းဦးရေတိမ်ပိုင်း၏ ဆီးကြိုတားဆီး မှုကြောင့် လှိုင်းအလျှားမှာ ကီလိုမီတာ ၂၀ ခန့်အထိ လျှော့ကျသွားပြီး ရွေ့လျှားနှုန်းမှာ တနာရီ ၂၀ ကီလိုမီတာခန့် (၁ နာရီ ၁၂ မိုင်နှုန်းခန့်) အထိလျှော့ကျသွားသည်။ ဤကဲသို့ ရွေ့လျှားနှုန်း နှင့် လှိုင်းအလျှားတို့ကို ရုတ်တရက် လျှော့ချ ခံလိုက်ရ၍ စူနာမီ လှိုင်းတို့သည် ကမ်းခြေ အရောက်တွင် အင်မတန်းကြီးသော လှိုင်းလုံးကြီးများ အသွင်ပြောင်းလိုက်ကြ သည်။


 ပင်လယ်ပြင်တွင် ပြင်းထန်သောငလျှင်ကြီး များလှုပ်ခတ်ပြီး တိုင်း ကမ်းရိုးတန်းဒေသများတွင် စူနာမီ လှိုင်းကြီး များဖြစ်ပေါ်မည်၊ မဖြစ်ပေါ်မည်ကို မည်သည့်နိုင်ငံက မျှသေချာတိကျစွာ ခန့်မှန်းပြောဆိုနိုင်ခြင်း မရှိသေးပေ။ သို့သော် စူနာမီလှိုင်းများ မဖြစ်ပေါ်မီ ကမ်းရိုးတန်း ဒေသများတွင် ဖြစ်ပေါ်လေ့၊ ဖြစ်ပေါ်ထရှိသော အချင်းအရာမှာ ပင်လယ်ရေများ ရုတ်ချည်း ကျသွားပြီး၊ ယ္ခင် ရေအောက်ဖုံးနေသော ကမ်းဦးရေတိမ် ပိုင်းပေါ်လာခြင်းဖြစ်သည်။ ထိုအချင်းအရာကို သိရှိ၍ သတိထားမိပြီး ၂၀၀၄ ခုနှစ် ယိုးဒယား စူနာမီ မှ အသက်ချမ်းသာ ခဲ့ရသော မိသားစုသတင်း ကိုလည်း အတိအကျမှတ်တမ်းတင်နိုင် ခဲ့ကြသည်။

စူနာမီဖြစ်ပေါ်မည် ကို အတိအကျ ကြိုတင် မပြောဆိုနိုင်ကြသော်လည်း၊  ရေအောက် ဖိအားတိုင်း ကိရိယာ ဖြင့် စူနာမီ ဖြစ်ပေါ်နိုင်ချေရှိသည် ကို အချိန်မှီ ကြိုတင် အကြောင်းကြာနိုင်ကြသည်။ စူနာမီ ဖြစ်ပေါ်နိုင်ခြေ အများဆုံး ရှိသောဒေသများတွင် ထိုကဲ့သို့သော စူနာမီ အချက်ပေး စနစ်များ တပ်ဆင်၍ ကမ်းရိုးတန်းနေပြည်သူ တို့အားကြိုတင်အကြောင်းကြားလေ့ရှိသည်။ အမေရိကန် နိုင်ငံတွင် စူနာမီအတွက် အရေးပေါ် ကယ်ဆယ်ရေး လမ်းကြောင်းများထားရှိပေး၍၊ ဂျပန် နိုင်ငံတွင်လည်း စူနာမီ ကယ်ဆယ်ရေး အစမ်းလေ့ကျင့်မှု များမှာ မဖြစ်မနေလုပ်ရသော လေ့ကျင့်ခန်းများဖြစ်သည်။

ပစိဖိတ် သမုဒ္ဒရာ အတွင်းဖြစ်ပွါးခဲ့သော သေကြေ မှုအများ ဆုံး စူနာမီ များ ကိုလည်းအောင်ပါအတိုင်းတွေ့ရ သည်။
စူနာမီမှာ သဘာဝ ဘေးအန္တရယ် ဖြစ်သောကြောင့် မဖြစ်ပွါးအောင် ကြိုတင်၍တာဆီးမရပေ။ ထို့ကြောင့် ငလျှင်မကြာခဏ လှုပ်လေ့ရှိသောဒေသများ၊ စူနာမီ ဖြစ်ပေါ်လေ့ရှိသော ဒေသများတွင် နေထိုင်သော သူများ (သို့မဟုတ်) ထိုသို့သော ဒေသများသို့ သွားရောက်ရမည့် သူများ မှာ ကြိုတင်ပြင်ဆင်မှု များပြုသင့်သည်။ ဥပမာ အားဖြင့် ထိုအရပ်သို့သွားမည့် သူများမှာ

၁) အချိန် နှင့် အမျှ စူနာမီ နှင့် ငလျှင် သတင်းများ ရရှိနေ ရန် ဘက်ထရီ ရေဒီယို တလုံးဆောင်သွားသင့် သည်။ Text Message Earthquake Notification တွင် Sing Up လုပ်ခါ ငလျှင်သတင်း များကိုလည်း အချိန်နှင့် အမျှ ရယူ နိုင်သည်။

၂) ကယ်ဆယ်ရေး လမ်းကြောင်းများ အဆင်သင့် မရှိသော ဒေသများတွင်၊ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၅၀ ကျော်မြင့်သော အရပ်သို အမြန်ဆုံးရောက် ရှိနိုင်သော လမ်းကြောင်းများကို မိမိ ဖာသာရှာဖွေ မှတ်သား ထားသင့်သည်။

၃)  ငလျှင်လှုပ်ခါပြီးသည် နှင့် ရေဒီယိုဖွင့် ကာ စူနာမီ သတိပေးသတင်းထုတ်ပြန်ခြင်း ရှိ၊ မရှိ သတိထား၍ နားထောင် သင့်သည်။ စူနာမီ သတိပေး ကြေညာပြီးသည် နှင့် နာရီဝက် အတွင်း ကုန်းမြင့်ရာ အရပ်သို့ အရောက် သွားသင့်သည်။ ဘေးကင်းရာ အရပ်သို့ ရောက် ရန်ထို့ထက်ပို၍ အချိန်လိုအပ်ပါက စူနာမီ သတိပေး သည့်အထိ မစောင့်ဆိုင်း သင့်ပေ။

စူနာမီကြုံတွေ့ နေရဆဲ အခြေ အနေ တွင် ဘေးကင်းရန်ကွာရန် အောက်ပါအချက်တို့ ကိုလည်း ဥပမာ အားဖြင့် မှတ်သား ထားသင့်လှပေသည်။

၁) မိမိ ရောက်ရှိနေသောနေရာသည် စူနာမီ မသက်ရောက်နိုင် ဟု ထင်သော်ညားလည်း၊ သတင်းများ ကို ဂရုစိုက်၍ မပြတ်နားထောင်သင့်လှသည်။

၂) စူနာမီ ကို စောင့်ကြည့်မနေဘဲ ကုန်းမြင့်ရာ သို့ အမြန်ဆုံး ရွှေ့ပြောင်းသင့် သည်။

၃) မိမိ အနီးတွင် ကုန်းမြင့် မရှိပါက အနီးရှိ အထပ်မြင့် အဆောက်အဦး အပေါ်ဆုံးထပ် သို့ တက်ရောက်နေ့သင့် သည်။

၎) မိမိသည် သင်္ဘောပေါ်တွင်ရှိနေပြီး၊ ကမ်းပေါ်မှ ရေကြောင်းအာဏာပိုင် တို့နှင့် အဆက်အသွယ်မရတော့ ပါက ရေနက်ရာ ပင်လယ်ဘက် သို့ အမြန်ဆုံးထွက်ခွါသင့်သည်။

 စူနာမီ ဖြစ်ပွါးပြီးချိန်တွင်မတော့ သတိထားရမည့် အချက်များမှာ...

၁) သက်ဆိုင်ရာ အာဏာပိုင်တို့ မှ "All Clear" မကြေညာ မချင်း၊ စူနာမီ အရပ်သို ပြန်မသွားခြင်း

၂) ရေပြန်မကျ သရွေ့ အဆောက်အဦးအတွင်းသို့ ပြန်လည်မဝင်ရောက်ခြင်း

၃) အဆောက်အဦး များသို့ ပြန်လည်ဝင်ရောက်၍ ရသည် အခါတွင်လည်း၊ Gas ပိုက်၊ မီး - ရေ တို့ကို စနစ်တကျစစ်ဆေးခြင်း

၎) တောစီး ဖိနပ်မျိုးကိုသာဝတ်ဆင်၍ စူနာမီ ရေလှိုင်းနှင့်အတူ ပါရှိခဲ့သော မြွေ နှင့် အခြားအန္တရယ် ရှိသောသတ္တဝါများ အားသတိထားခြင်း

၅) စူနာမီ ရေလိုင်းတို့ လွှမ်းမိုးခံရပြီးသော ရေ နှင့် အစား အစာတို့ကို မစားသုံးခြင်း

စသည်ဖြင့် စူနာမီ ဖြစ်ပေါ်မှုကို မတားဆီးနိုင်သော်ငြားလည်း၊ အလွှဲသာမရှောင်သာကြုံတွေ့ခဲ့ လျှင် ဥစ္စာကံ စောင့်၊ အသက်ဥာဏ်စောင့် ဆိုသော မြန်မာစကားပုံအတိုင်း၊ အထက်ပါ အချက်များကို သတိထား၍ လိုက် နာခြင်းဖြင့်၊ ဘေးကင်းခြင်းအဖြစ်သို့ ရောက်ရှိကြပါစေကုန်။

(စာမရေးတာကြာပြီး ပြန်ရေးမယ် ဆိုတော့ တော်တော် ပျင်းနေပြီ။)

Ref: ၁)  ဝီကီ
       ၂) http://www.about.com/
       ၃) http://www.ngdc.noaa.gov/hazard/tsu.shtml

       ၄) https://sslearthquake.usgs.gov/ens/
       ၅) http://www.nationalgeographic.com/

Saturday, October 16, 2010

ဥပမာ.....လူကြီး နှင့် လူငယ်

ကျွန်တော် အလုပ်ပြောင်းလိုက်တာ ၅ လကျော်ပဲ ရှိသေးသည်...လူကြီးအသစ်ရဲ့ အမြင်နဲ့ ကျွန်တော့ရဲ အမြင်တွေ အတန်ကွာဟနေသည် ကို လကြာလာတာနှင့်အမျှ ပိုမိုသိမြင်လာရသည်။ ထို့ကြောင့် အလုပ်မပင်ပန်းသမျှ၊ လူကြီး နှင့် အဆင်မပြေ မဖြစ်ရလေအောင် ဘယ်လိုကိုင်တွယ်ရမလဲဆိုတာစဉ်းစားတာက စလို့ ဤ ပို့စ်လေးရေးဖို အကြောင်းဖြစ်လာရသည်။

ကျွန်တော်ငယ်ငယ် က လူကြီးနှင့် လူငယ် အမြင်ကွာဟမှုတွေ ရှိလားဟု ပြန်စဉ်းစာမိသည်။ သတိတရနှင့် ကွာဟမှုတွေ ရှိခဲ့ကြောင်း အမှတ်ရနေသည်။

ဥပမာ..ကျွန်တော် အပြင်စာများ စဖတ်ကာ စ ကပါ။ လူငယ်သဘာဝအတိုင်း ကျွန်တောစဖတ်တာ သိုင်းဝတ္ထုတွေပါ။ ထိုမှတဆင့် ယုဝတီကြည်ဝေ၊ ဘုန်းနိုင်၊ ဒဂုန်ရွှေမြှား၊ ဂျာနယ်ကျော် တို့ကိုစဖတ်ခါစ...ဝတ္ထုဖတ်လို့ စိတ်ကူးယဉ်ကောင်းတုန်း ကာလ ဖြစ်သည်။ တနေ့တော့ကျွန်တော့မိခင်က

"ဥပမာ..သားမှာ စာတအုပ်ပဲဖတ်ဖို့ အချိန်ရှိမယ် ဆိုပါတော့၊ ဝတ္ထုတအုပ် နဲ့ မဂ္ဂဇင်း တအုပ် သားမှာ ရှိတယ်ဆိုရင်၊ ဘယ်ဟာကို ဦးစားပေးပြီး ဖတ်မလဲ" ဟု မေးပါသည်။

ကျွန်တော်ကလည်း မဆိုင်းမတွ

"ဝတ္ထုပဲ ဖတ်မှာပေါ့ မေမေရ၊ မဂ္ဂဇင်း က အခန်းဆက်တွေရော၊ အခန်းဖျက်တွေရော၊ အခန်းရပ်တွေ ရော ရှုပ်နေတာပဲ။ ပြီးတော့ သားက အချိန်ဆွဲ ပြီး စောင့်ဖတ်ချင်တာ မဟုတ်ဘူး၊ တထိုင်တည်း ဖတ်ပြီး ..ပြီးရော" ဟုပြန်ဖြေလိုက်သည်။

ကျွန်တော့အဖြေ ရတော့မှ မေမေ က စိတ်ရှည်လက်ရှည် ရှင်းပြသည်။

"မေမေ ဆိုရင်တော့ မဂ္ဂဇင်း ကို ရွေး မှာ ကွ၊ မဂ္ဂဇင်း တအုပ်ကိုဖတ်လိုက်မယ်ဆိုရင် ကိုယ့်နယ်ပယ်ဒေသ နဲ့ ပက်သက်တဲ့ သတင်း အချက်အလက်တွေ၊ ကိုယ့်နယ် အနေနဲ့ အရေးမကြီးပေမဲ့ တနိုင်ငံ လုံးအနေနဲ့ အရေးကြီးတဲ့ သတင်းတွေ၊ စီးပွါးရေးသတင်းတွေ၊ အခန်းဆက် ဆောင်းပါးတွေ စသဖြင့် သုတတွေ ရသတွေ အများကြီး ပေး နိုင်တယ်" ဟု စိတ်ကူးယဉ် နေသော သားကို လက်တွေ့ပေါ်ရောက် အောင်ဆွဲတင်ပေးသည်။ ဒါက ကျွန်တော် မှတ်မိတဲ့ ပထမ ဆုံး လူကြီး လူငယ် အမြင် ကွဲ လွဲမှုပါ။

နောက် ဥပမာ က ကျွန်တော် ၁၀ တန်းအောင်ပြီးခါစ၊ ဆိုင်မှာ ကူနေတုန်းက ဖြစ်သည်။ ကျွန်တော်တို့ ရဲ့ တိတ်ခွေဆိုင်သေးသေး လေး မှာ လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ကို ရန်ကုန် က သွားသွားဝယ် ရပါသည်။ တနေ့တော့ လူငယ် ကြိုက် တိတ်ခွေ ၂ ခွေတပြိုင်တည်းထွက်လာ၏။ ပုံမှန်အားဖြင့် ထုတ်ဝေသူတို့သည် တိတ်ခွေကောင်း ၂ ခု ကို တပြိုင်တည်း ဖြန့်လေ့မရှိပေ။ အဘယ့်ကြောင့် ဆိုသော် တခွေက အရမ်းပေါက်သွား လျှင် တခြား အခွေ မှာ ကောင်းပါ လျှက် ရောင်းရသင့်သမျှ မရောင်းရတော့သောကြောင့်ဖြစ်သည်။ ထိုအချိန်က ထွက်သည့် အခွေ ၂ ခွေကို တိတ်ခွေ A နှင့် တိတ်ခွေ B ပဲဆိုပါတော့။ ကျွန်တော်တို့ စမ်းနားထောင်ပြီးသည် အခါ ကျွန်တော့မိခင်က ပဲ မေးပါသည်။

"ဘယ် အခွေပေါက်မယ်ထင်သလဲ သား"

၂ ခွေယှဉ်နားထောင်ပြီး.. ကျွန်တော်က အခွေ A ကိုကြိုက်နေသည် မို့

"အခွေ A ကပေါက်မယ်ထင်တယ် မေမေ ရ"

"မေမေ ကတော့ အခွေ B ပေါက်မယ် ထင်တယ်" ဟု မေမေ က သူ့အမြင်ကိုပြောသည်။ သူ့ရွေးချယ်မှု(အမြင်) မှန်ပါသည်။ ထိုတိတ်ခွေ မှာ ယနေ့တိုင်လူငယ်များကြားတွင် အရောင်းတွင်ကျယ်ဆဲ ဖြစ်သည်။ ကျွန်တော့၏ ဒုတိယ မြောက်ကွဲလွဲသော မှားယွင်းသော အမြင်လည်းဖြစ်ပေသည်။

နောက်ထပ် ဥပမာ က တော့ကျွန်တော် တက္ကသိုလ် တက်နေတုန်းက ဖြစ်သည်။ အဆောင် နေရင်း ခင်နေသော ညီတယောက် ရှိသည်။ သူကလည်း စာ အလွန်ဖတ်သည်။ ထိုညီ မှာ ကျွန်တော် နှင့်အသက်ကွာ လှ အများဆုံ ၂ နှစ်သာရှိမည်။ တနေ့တော့ အင်းယား မှာ ထိုင်ကြရင်း ငြင်းကြတော့တာပါပဲ။ သူက မော်ဒါန် ကဗျာ ကို ကဗျာ အဖြစ် မှတ်ယူ စေလိုသည်။ ကျွန်တောက လည်း မော်ဒါန် ကဗျာက မော်ဒါန် ကဗျာ၊ ကဗျာ က ကဗျာ.. နံမည် သာဆင်တူယိုးမှား ရှိပေမဲ့ မတူညီသော အနုပညာ ၂ ခုဟုပြောဆိုငြင်းဆန်သည်။ ကျွန်တော်က

"ကဗျာ ရဲ့ အသက်က ကာရန် ကွ။ ကာရန်ကြောင့်သာ ကဗျာ ဆိုတာ အရှည်သဖြင့် ကျန်သကွ၊ ကာရန် မပါရင် ဖတ်လို့ကောင်းလည်း ခဏဆို မေ့သွားတာပဲ"

"ကိုလင်းဇော် က လည်း တုန်းလိုက် တာ အင်္ဂံလိပ်မှာတောင် Free Verse ဆိုတဲ့ ကာရန် မဲ့ကဗျာတွေ ရှိတယ်ဗျ" ဟု ကျွန်တော့ကို ပြန်နှိပ်ကွပ်ပါသည်။

"မရှိဘူးလို့မပြောပါဘူဗျာ...မတူတာကိုသာ ပြောပြတာပါ...ဥပမာ.. နေခြည်ဖြာမှ နွေးသောကြောင့်၊ လေပြည်လာက အေးသောကြောင့်၊ ရွှေပြည်ဌာန ဝေးသောကြောင့်၊ မဲဇာတောင်ခြေ၊ ပွဲခါညောင်ရေ စတာတွေဟာ ကာရန် ပါလို့သာ ခုထိ ကျန်တာဟ" ကျွန်တော်ကပဲ ဆက်ပြီး "ပြီးတော့လည်း ရှေးက လူတွေ ဟာ မှတ်ချင်သားချင် ရင် ကာရန် နဲ့သာ မှတ်တာပါပဲ ဥပမာ...လှည်းဝန်ရိုးသံတညံညံတို့...အုတ်ကြစ်ကျော်အေးတို့..စတာတွေဟာ ကာရန်ပါလို့သာ...ရွတ်ဆိုရာမှာ အသံချိုတယ် မှတ်ရလွယ်တယ် မျိုးဆက်တခုမှတခုထိ မှတ်မိနိုင်ကြတာကွ...ကာရံမပါတဲ့ မင်းတို့မော်ဒါန် ကဗျာတွေ ဟာ..ဒီနေ့ဆိုပြီး နက်ဖန်ကျ..ဘာရွတ်ခဲ့လဲ ဆိုတာတောင် မမှတ်မိနိုင်ဘူး"

အဲဒီလို ငြင်းခဲ့ကြပေမဲ့ ခုချိန်ထိ သူလည်းသူ့အမြင်ကို မစွန့် ကျွန်တော်ကလည်း မော်ဒါန် ကဗျား များဖတ်လေ့ရှိပေမဲ့.. သိပ်မထိလှပေ။ လူကြီး နဲ့ လူငယ် လို အသက်မကွာ ပေမဲ့ ကျွန်တော်တို့ အမြင်မတူခဲ့ကြပါ။

နောက်ဆုံး ဥပမာ ကတော့ လုပ်ငန်း ခွင်မှာပါ။ ကျွန်တော် ပထမ ဆုံး အလုပ်မှာ ကျွန်တော် နှင့် ရာထူးတူ တွဲအလုပ်လုပ် လုပ်ရသူမှာ ကော်ကေးဆပ် လူမျိုး အဖိုးကြီး ဖြစ်သည်။ အလုပ်စိမံ ခန့်ခွဲမှုပေါ်တွင် ကျွန်တော်နှင့် နည်းနည်း မျှ အမြင် မတူသူ ဖြစ်သည်။ သူက ဖြည်းဖြည်း လေးလေး သာ ဆွဲ၍ အလုပ်လိုသည်။ သူ့အကြောင်းပြချက် က အမှားအယွင်း နည်းအောင်၊ ကာစတမ္မာ ရဲ ကွန်ပလိန်း နည်းအောင်၊ အမှားကြောင်ထပ်ခါ ထပ်ခါလုပ်ရပြီး ကုန်ကျစရိတ် မတက်အောင် ဟု အကြောင်း ပြပါသည်။ ကျွန်တော့အမြင်က တမျိုးဖြစ်ပြီး အချိန်တိုင်းသည် ငွေ ဟု မြင်ထားသည်။ ပရောဂျက်ကို နှေးနှေး လုပ်၍ ဆွဲဆန့် လျှင် ကုန်ကျစရိတ်ပိုများပြီး၊ အမြတ်အစွန်းနည်းမည်၊ သတ်မှတ်ထားသော ရက်ထက် စော၍ ပြီးလျှင် ကုန်ကျစရိတ် ဖြတ်တောက်နိုင်၍ ကုမ္ပဏီအတွက်အမြတ်ပိုရမည်၊ ကျွန်တော်တို့အတွက် ဘောနပ်စ် ပိုရမည် ဟုတွက်သည်။ ပြီးတတ်သမျှ တွန်းလုပ်သော ကျွန်တော်နှင့် နှေးနှေး ဆွဲ လုပ်သော သူ့အကြား နေ့တိုင်းလိုလို စကားများကြရသည်။ ကျွန်တ်ာဝင်ပြီး ၆ လ အကြာမှာပဲ သူအလုပ်ထွက်သွားသည်။

ဒုတိယ အလုပ်တွင်တော့ ကျွန်တော့လူကြီး မှာ အမျိုးသမီး ဖြစ်သည်။ အသက်မှာလည်း ကျွန်တော့ထက်ကြီး လျှင် ၅ နှစ် ၆ နှစ် လောက်သာ ရှိမည်။ ဒုတိယ အလုပ်ကို စဝင် ခါစတွင် ထိုအမျိုးသမီးနှင့် အနည်းငယ် မျှမတည့်ပေ။ သူကလည်း သူ့စည်းမျဉ်း စည်းကမ်းတွေ စံတွေနှင့် မကိုက်ညီ သမျှ ကျွန်တော့ကို ဆူပူပါသည်။ ပရောဂျက် တခု၏ အတိုင်ပင်ခံ အဖွဲ့တွင် ပါဝင်ရသည် မို့ လည်း စနစ်တကျ အမြင်ကျယ်ကျယ် နှင့် အလုပ်လုပ်ကြရသည်။ ကျွန်တော်ကိုတိုင်ကလည်း သူ့စံများ၊ စည်းကမ်း များမှာ အင်မတန်ကောင်းသည် ဟု လက်ခံသောကြောင့် အစွမ်းကုန်ကြိုးစားပါသည်။ သူကိုယ်တိုင်ကလည်း စိတ်တံခါး ဖွင့်ထားသူ၊ Open Door ပေါ်လစီ ကျင့်သုံး သည်မို့ လက်တွဲလုပ်၍ အင်မတန် မှ အဆင်ပြေသွားသည်။ အလုပ်ဝင်ပြီး လေလ အကြာတွင် မျက်နှာလွှဲသွားသည်။ ကျွန်တော်ကိုင်တွယ်ရသော ကဏ္ဏကို ဝင်မစွက်တော့ပါ။ ပြဿနာ တခုကို ကိုင်တွယ်ဖြေရှင်းတိုင်း ကျွန်တော်တို့ အခြေတင်ဆွေးနွေးလေ့ ရှိသည်။ ကုမ္ပဏီ အတွင်းပိုင်းတွင် အားလုံးတူညီသော အမြင်ရပြီ ဆိုမှ ပြင်ပ အဖွဲ့အစည်း နှင့် ရင်ဆိုင်ဖြေရှင်းသည်။ ကြာကြာနေတော့ ကျွန်တော်တို့ အဖွဲ့ မှာ ရင်ဆိုင်ရ မလွယ်သော၊ တန်ဖိုးရှိသောအကြံများ ဆုံးဖြတ်ချက်များကို ပေးနိုင်သော အဖွဲ့အဖြစ် အမြဲနေရာ အပေးခံရသည်။ လူကြီး လူငယ် တို့၏သဘောထား အမြင်တူညီမှု၊ ခေါင်းဆောင်နိုင်မှု၊ မှန်ကန်သော စီမံ ခန့်ခွဲ မှု တို့၏ ရလာဒ်ဟု ပင်ဆိုချင်ပါသည်။

အထက်ပါ ဥပမာ များကို ထည့်သွင်း စဉ်းစားပြီးချိန်တွင်တော့၊ လူကြီး လူငယ်တို့၏ သဘောတူညီမှု၊ ကွဲလွဲမှုတို့သည် နေရာတိုင်းတွင် ရှိနေခဲ့သည်၊ ရှိနေသည်၊ ရှိနေဦးမည် ဖြစ်ပေသည်။ ထိုတူညီမှု ကွဲလွဲမှုတို့ ကို ကောင်းစွာစီမံ ခန့်ခွဲ နိုင်မည် ဆိုလျှင်၊ မိမိပူးပေါင်း ပါဝင်ရာ အဖွဲ့ အစည်း၏ ဖွံဖြိုးစည်ပင်ရာ၊ တဦးချင်းစီ၏ တိုးတက်ရာ သို့ ဦးတည်မည်ဖြစ်သော် လည်း၊ မှားယွင်းစွာ ကိုင်တွယ်ဖြေရှင်း မည်ဆိုလျှင်တော့ အဖွဲ့အစည်း၏ ကျဆုံးရာ၊ တဦးချင်းစီ၏ ဆုတ်ယုတ်ပျက်စီးရာသို့သာ ဦးတည်ပေလိမ့်မည်။ မှားယွင်းသော စီမံခန့်ခွဲမှု၏ အကျိုးဆက်မှာ လည်း ရေတိုတွင် သိသာထင်ရှားခြင်းမရှိပဲ၊ ရေရှည်ကာလ တခုကြာမြင့်ပြီးမှသာ ဗြုန်းကနည်း တွေ့မြင်နိုင်သည်မို့ လက်တလောအနေဖြင့် ကိုင်တွယ်ပုံ မှားသည် မှန်သည် ပြောဆိုဝေဖန် ရန် မလွယ်လှပေ။ မည်သို့ပင်ဆိုစေ အထက်ပါ လူကြီး လူငယ် ဥပမာ များမှာတော့ ကျွန်တော့အတွက် မှတ်မှတ် ရရ ရှိလှပေတော့သည်။

Friday, July 16, 2010

၁ဝ တန်းအောင်ဂါထာ

ဥုံ မပျင်းနဲ့၊ မပျင်းနဲ့
ခုလည်းမပျင်းနဲ့၊ နောင်လည်းမပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။

မှတ်ချက်။ ။ ၁ဝ တန်းနှစ် Assembly တွင် ဆရာ ဦးကြည်သန်း ပေးခဲ့သော ဂါထာတပုဒ်ဖြစ်ပါသည်။

ရည်မှန်းချက်

ရည်မှန်းချက် တက်ကြွသောအခါ
အိမ်ရှေ့ ဥပရာဇာ။
ရည်မှန်းချက် ပျက်မွသောအခါ
နောက်ဖေး သုဘရာဇာ။
လောကထဲမှာ ငါ...
တခါတခါ အိမ်ရှေ့ ဥပရာဇာ၊
တခါတခါ နောက်ဖေးသုဘရာဇာ။

မှတ်ချက်။ ၁ဝ တန်းနှစ် ဆရာ ဦးကြည်သန်း ပြောကြားသော ဆုံးမစကားမှ မှတ်မိသော အပိုဒ်ကလေးဖြစ်ပါသည်။

Saturday, July 3, 2010

ဇူလိုင် လ ၏ အတွေးမိုးစက်များ

ဇူလိုင်လ သို့ရောက်လာပြန်ပေပြီ။ ယ္ခင်ကဆိုလျှင်တော့ ကျွန်တော်တို့ပြည်မှာ မိုးဖြိုင်ဖြိုင်ကျ ပြီမို့ တောင်သူလယ်သမား ဦးကြီးများ အလုပ်များရသော အချိန်ပေ။ လယ်သမားဦးကြီး များသာမက၊ ထိုသူတို့၏ သားငယ် သမီးငယ် များပါ လယ်တောလိုက်ဆင်းသူ ဆင်း၊ အိမ်တွင် ကလေးထိန်းသူ ထိန်းပေ မို့ ကျောင်းဖွင့်ပြီးသည့်တိုင် ကျောင်းတက်ပျက်ကွက်သူ များသောကာလ လည်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို မိဘများ နည်းတူ မေတ္တာထားကြသော ဆရာ ဆရာမ များ ထီးတချောင်း နှင့် ကျောင်းတက်ရန်၊ ကျောင်တက်မပျက်ကွက် ရန်တိုက်တွန်းနှိုးဆော် ရင်း တအိမ်တက် တအိမ်ဆင်း နှင့် အလုပ်များရသော ကာလလည်းဖြစ် ပေတော့သည်။

ဇူလိုင် လနှင့်ပက်သက်၍ ငယ်ငယ်က အော်ကျက်ခဲ့ရသော အဓိပ္ပါယ်ပြည့်ဝ သည့်ကဗျာလေးများကိုလည်း သတိရမိသည်။

"မျက်ရည် သွန်လို့၊ ဘဝင်ညှိုး
ဇူလိုင် ၁၉"

သြော်...သတိရမဲ့ ရပြန်တော့၊ စိတ်အစဉ်ကို ညို့မှိုင်းအုပ်ဆိုင်းစေ သည့် ထိုအပိုဒ် မျိုးလေတွေမှ ဘာကြောင့် သတိရ မိရပါလိမ်။ အဘယ့်ကြောင် ဆိုသော် ကျွန်တော်တို့ ငယ်ငယ် က ဇူလိုင်လ ၁၉ ရက်နေ့တိုင်းကျရောက်သော အာဇာနည် နေ့ကို စနစ်တကျ ကျင်းပမြဲသာဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၄၅ ဝန်းကျင် တွင်ဖြစ် မည်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဥသြော ဆွဲသည်။ ကြားသမျှပြည်သူ အပေါင်းက လုပ်သမျှ အလုပ်အားလုံးရပ်ကာ တမိနစ်ခန့် ငြိမ်ပေးရသည်။ တဦးတယောက် ကိုမှ လော်စပိကာ နှင့် တိုက်တွန်းရန် မလို့၊ အားလုံးတညီတညာ တည်း အသိတရားအပြည့် နှင့် ခေတ္တြိငိမ် သက်ကြသည်။ ဥသြောသံ မဆုံးမခြင်း၊ ရပ်နေလျှက်ပင် ကြက်သီးဖြန်းဖြန်းထ ၍ မျက်ရည်ဆို့ကြရသည် ဆို့ကြရပါသည်။ ယ္ခုခေတ်တွင်မတော့ ဤအစဉ်အလာ တို့လည်းမရှိတော့ပြီ။ သိမှီ လိုက်သောကျွန်တော်၏ အာရုံတွင်ပင် ရေးရေးမျှ သာ ရှိတော့သော ဤအကြောင်းအရာ အဖြစ်အပျက် တို့သည်၊ ခေတ်လူငယ်များအဖို့ အိပ်ရာဝင် ပုံပြင်မျိုးအဖြစ်သာ ခံစားမိကြပေမည်။ ခေတ်တွေမည်သို့ပင်ပြောင်းပါစေ ၁၉၆၅ ဝန်းကျင်က ဆရာဇော်ဂျီ ရေးသားသော "ပြောလိုက်ပါဘိ ဟောပါဘိ" ကဗျာမှာ လည်း မမေ့နိုင်စရာ သမိုင်းဝင် ကဗျာလေးဖြစ်ရပေသည်။ ထိုကဗျာလေး အားမမေ့ မလျှော့ မှတ်တမ်းတင်ရလျှင်၊
"ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။

သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင့်ခဲ့၏ မှတ်မိ၏။

မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏၊

ထိုနေ့ကပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
ယောင်္ကျာံးကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ (၁၉၆၅ - ဇော်ဂျီ)

ပညာတတ် စာပေရှင်တို့၏ စာပေလင်္ကာံတို့ သည် သမိုင်း အားမှတ်တမ်း တင်သလို ခေတ်ကိုလည်း ပေါ်လွင်စေသည်မို့၊ ထာဝစဉ် ကျန်သော လက်စွမ်းများ၊ ခေတ် တစ်ခေတ် ကိုလေ့လာ အကဲခတ်နိုင် သော စာပေလက်ရာများဟုသာဆိုချင်ပါသည်။ ဆရာဇော်ဂျီ ၏ တို့တိုင်းပြည် ကဗျာ ၊ သင်သေသွားသော် ကဗျာ များကိုလေ့လာကြည့် မည်ဆိုလျှင်လည်း ဆရာ့ စေတနာ နှင့် ပွင့်လင်းပြောင်မြောက်သောအရေး အသားတို့ကိုတွေ့ရမည် မှာမလွဲပေ။