ဥုံ မပျင်းနဲ့၊ မပျင်းနဲ့
ခုလည်းမပျင်းနဲ့၊ နောင်လည်းမပျင်းနဲ့
ဘယ်တော့မှ မပျင်းနဲ့။
မှတ်ချက်။ ။ ၁ဝ တန်းနှစ် Assembly တွင် ဆရာ ဦးကြည်သန်း ပေးခဲ့သော ဂါထာတပုဒ်ဖြစ်ပါသည်။
Showing posts with label MEMORIAL. Show all posts

Friday, July 16, 2010
ရည်မှန်းချက်
ရည်မှန်းချက် တက်ကြွသောအခါ
အိမ်ရှေ့ ဥပရာဇာ။
ရည်မှန်းချက် ပျက်မွသောအခါ
နောက်ဖေး သုဘရာဇာ။
လောကထဲမှာ ငါ...
တခါတခါ အိမ်ရှေ့ ဥပရာဇာ၊
တခါတခါ နောက်ဖေးသုဘရာဇာ။
မှတ်ချက်။ ၁ဝ တန်းနှစ် ဆရာ ဦးကြည်သန်း ပြောကြားသော ဆုံးမစကားမှ မှတ်မိသော အပိုဒ်ကလေးဖြစ်ပါသည်။

Saturday, July 3, 2010
ဇူလိုင် လ ၏ အတွေးမိုးစက်များ
ဇူလိုင်လ သို့ရောက်လာပြန်ပေပြီ။ ယ္ခင်ကဆိုလျှင်တော့ ကျွန်တော်တို့ပြည်မှာ မိုးဖြိုင်ဖြိုင်ကျ ပြီမို့ တောင်သူလယ်သမား ဦးကြီးများ အလုပ်များရသော အချိန်ပေ။ လယ်သမားဦးကြီး များသာမက၊ ထိုသူတို့၏ သားငယ် သမီးငယ် များပါ လယ်တောလိုက်ဆင်းသူ ဆင်း၊ အိမ်တွင် ကလေးထိန်းသူ ထိန်းပေ မို့ ကျောင်းဖွင့်ပြီးသည့်တိုင် ကျောင်းတက်ပျက်ကွက်သူ များသောကာလ လည်းဖြစ်သည်။ ကျောင်းသူ ကျောင်းသားများကို မိဘများ နည်းတူ မေတ္တာထားကြသော ဆရာ ဆရာမ များ ထီးတချောင်း နှင့် ကျောင်းတက်ရန်၊ ကျောင်တက်မပျက်ကွက် ရန်တိုက်တွန်းနှိုးဆော် ရင်း တအိမ်တက် တအိမ်ဆင်း နှင့် အလုပ်များရသော ကာလလည်းဖြစ် ပေတော့သည်။
ဇူလိုင် လနှင့်ပက်သက်၍ ငယ်ငယ်က အော်ကျက်ခဲ့ရသော အဓိပ္ပါယ်ပြည့်ဝ သည့်ကဗျာလေးများကိုလည်း သတိရမိသည်။
"မျက်ရည် သွန်လို့၊ ဘဝင်ညှိုး
ဇူလိုင် ၁၉"
သြော်...သတိရမဲ့ ရပြန်တော့၊ စိတ်အစဉ်ကို ညို့မှိုင်းအုပ်ဆိုင်းစေ သည့် ထိုအပိုဒ် မျိုးလေတွေမှ ဘာကြောင့် သတိရ မိရပါလိမ်။ အဘယ့်ကြောင် ဆိုသော် ကျွန်တော်တို့ ငယ်ငယ် က ဇူလိုင်လ ၁၉ ရက်နေ့တိုင်းကျရောက်သော အာဇာနည် နေ့ကို စနစ်တကျ ကျင်းပမြဲသာဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် မနက် ၁၀ နာရီ ၄၅ ဝန်းကျင် တွင်ဖြစ် မည်၊ ဝမ်းနည်းခြင်း အထိမ်းအမှတ် အဖြစ် ဥသြော ဆွဲသည်။ ကြားသမျှပြည်သူ အပေါင်းက လုပ်သမျှ အလုပ်အားလုံးရပ်ကာ တမိနစ်ခန့် ငြိမ်ပေးရသည်။ တဦးတယောက် ကိုမှ လော်စပိကာ နှင့် တိုက်တွန်းရန် မလို့၊ အားလုံးတညီတညာ တည်း အသိတရားအပြည့် နှင့် ခေတ္တြိငိမ် သက်ကြသည်။ ဥသြောသံ မဆုံးမခြင်း၊ ရပ်နေလျှက်ပင် ကြက်သီးဖြန်းဖြန်းထ ၍ မျက်ရည်ဆို့ကြရသည် ဆို့ကြရပါသည်။ ယ္ခုခေတ်တွင်မတော့ ဤအစဉ်အလာ တို့လည်းမရှိတော့ပြီ။ သိမှီ လိုက်သောကျွန်တော်၏ အာရုံတွင်ပင် ရေးရေးမျှ သာ ရှိတော့သော ဤအကြောင်းအရာ အဖြစ်အပျက် တို့သည်၊ ခေတ်လူငယ်များအဖို့ အိပ်ရာဝင် ပုံပြင်မျိုးအဖြစ်သာ ခံစားမိကြပေမည်။ ခေတ်တွေမည်သို့ပင်ပြောင်းပါစေ ၁၉၆၅ ဝန်းကျင်က ဆရာဇော်ဂျီ ရေးသားသော "ပြောလိုက်ပါဘိ ဟောပါဘိ" ကဗျာမှာ လည်း မမေ့နိုင်စရာ သမိုင်းဝင် ကဗျာလေးဖြစ်ရပေသည်။ ထိုကဗျာလေး အားမမေ့ မလျှော့ မှတ်တမ်းတင်ရလျှင်၊
"ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သက်လှယ်၊ မင့်သားငယ်သည်
သက်နှစ်ဆယ်ပင် ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်
အူယား ဖားယား
ကစားရာမှ၊ နွားရုပ်ချ၍
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို
ငါမြင့်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍
ထိုမှ ဤမှ၊ တို့လမ်းမတွင်
ပျံကြဝဲကြ၊ ငရဲထသို့
အုံကြွမြည်အာ၊ မသာယာကို
ငါကြားခဲ့၏၊ မှတ်မိ၏၊
ထိုနေ့ကပင်၊ ထိုချိန်ထင်၏
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်
ပွင့်လန်းကာစ၊ ကြွေလိုက်ရ၏
မြေခ သတင်း၊ မိုးကြိုးခွင်းသို့
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌
မချင်မရဲ၊ ဝမ်းနည်းခံခက်
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်
ရွာဦးပိုင်းမှ သင်းချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်
သူတို့ခေတ်၌
တိုင်းချစ်ပြည်ခင်၊ မြတ်စေချင်၏
မင်းမြင်ငါကြား၊ စကားဥဒါန်း
ဆန်း၏သတ္တိ၊ ဆန်း၏သမာဓိ
ဆန်း၏ပညာ၊ ဆန်းမှာဆုံပေါင်း
ယောင်္ကျာံးကောင်းတို့၊ ခေါင်းဆောင်သဘော
မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ (၁၉၆၅ - ဇော်ဂျီ)
ပညာတတ် စာပေရှင်တို့၏ စာပေလင်္ကာံတို့ သည် သမိုင်း အားမှတ်တမ်း တင်သလို ခေတ်ကိုလည်း ပေါ်လွင်စေသည်မို့၊ ထာဝစဉ် ကျန်သော လက်စွမ်းများ၊ ခေတ် တစ်ခေတ် ကိုလေ့လာ အကဲခတ်နိုင် သော စာပေလက်ရာများဟုသာဆိုချင်ပါသည်။ ဆရာဇော်ဂျီ ၏ တို့တိုင်းပြည် ကဗျာ ၊ သင်သေသွားသော် ကဗျာ များကိုလေ့လာကြည့် မည်ဆိုလျှင်လည်း ဆရာ့ စေတနာ နှင့် ပွင့်လင်းပြောင်မြောက်သောအရေး အသားတို့ကိုတွေ့ရမည် မှာမလွဲပေ။

Tuesday, January 5, 2010
၆ တန်းနှစ် ကျွန်တော့ အမှတ်တရ
သူငယ်ချင်းရဲ့ Blog ထဲက “ရခဲ့တဲ့ ဆု စူးခဲ့တဲ့ စိတ် ဒဏ်ရာ” ဆိုတဲ့ Post လေးဖတ်ရင်း ကျွန်တော် state ကျောင်းသားဘ၀ တုန်းက အမှတ်တရ အတွေ့အကြုံလေးတွေ ကို ပြန်သတိရမိသည်။
ကျွန်တော်ငယ်ငယ်က ကျောင်းစာဆိုတာကို လုံးဝစိတ်ဝင်းစားခြင်းမရှိ ဘဲတချိန်းလုံးကစားဖို့ သာ လုံးပန်းနေခဲ့သည်။ ကျောင်းမှာဆိုလျှင်လည်း ကျောင်းမှသူငယ်ချင်းများနဲ့ မျောက်ရှုံး အောင်ဆော့၊ အိမ်ပြန်လာတော့ လမ်းထဲက သူငယ်ချင်းများနှင့် နေပူပူအောက်တွင် မမောနိုင် မပန်းနိုင် ဆော့ရပြန်ပါသည်။ စာကြည့်ဖို့ မပြောနှင့် ကျွန်တော့မှာဆော့ရတာပင် လက်မလည်ပါ။ ဖေဖေ နှင့် မေမေ မှာ ညနေ ၆ နာရီမှအိမ်ပြန်ရောက်လေ့ ရှိသည့်အတွက် ကျွန်တော်နှင့် ထိတွေ့ချိန် အင်မတန် နည်းပါးလှပါသည်။ သို့သော် မိဘတို့၏ထုံးစံ အတိုင်း ကျူရှင်ပို့ခြင်း၊ ကျွန်တော့၏ တိုးတက်မှု့ အခြေနေကို ဆရာများအားစုံစမ်းမေးမြန်းခြင်းဖြင့် ကျွန်တော့ ၏ပညာရေးအတွက်အရိပ်တကြည့်ကြည့်ရှိခဲ့သည်။ မည်သို့ပင် ဆရာများထံ အပ်နှံ၍ ဆို ဆုံးမစေကာမူ ကျွန်တော့ပညာရေးအခြေအနေ မှာတိုးတက်မလာခဲ့ပါ။ “မရှု့ သား စာမေးရင်မျက်လုံးကြီးကလည်ကလည်နဲ့စားမရ ဘူး” ဟူ၍သာမကြာခဏအတိုင်ခံခဲ့ကြရ သည်။ စာပင်မရသော်လည်း အရှိန်ခပ်ပြင်းပြင်းဖြင့် ရှေ့ မှဖြတ်သွားသော ဆိုက်ကားနောက်မှီး ပေါ်သို ဖတ်ခနဲဆို ပါသွားတတ်သော၊ လူကြီးသူမ များပင်သွားလေ့ မရှိသည့် မြစ်ကမ်းဘေး ချောင်းကမ်းဘေး၊ ရပ်ကွက်ကြို ရပ်ကွက်ကြားပါကျန် သွားရောက် ကစားတတ်သော ကျွန်တော့ ကို ကျွန်တော့မိဘ များက စိတ်အပျက်ကြီး ပျက်လျှက်ရှိကြသည်။ စိတ်ပျက်မည် ဆိုလျှင်လည်း ပျက်စရာပင်။ ကျွန်တော့ အကိုမှာ ထိပ်တန်းမှ စာတော်သူဟု မဆိုနိုင်သော် လည်း စာညံ့သူ၊ စာမရသူအဖြစ် အတိုင်မခံရပေ။ ကျွန်တော့ အမ မှာလည်း ပထမ ဆုကို ကန်ထရိုက် ဆွဲထားသလား ဆိုရအောင် ဆုအမြဲရသူ။ ကျွန်တော့ ကျမှသာ မကြာခဏ အတိုင်ခံရ၍ ဒီတယောက်တော့သွားပြီးဟု (နောင်အခါ ကျွန်တော့မိဘများ ပြန်ပြောပြမှ သိရသည်) စိတ်ညစ်လျှက်ရှိကြသည်။
ကျွန်တော် လေးတန်းနှစ်တွင်တော့ ကျွန်တော့ အမေက ကျွန်တော်စာမရ၍ အတိုင်ခံရသည် ကိုရှက် ကြောင်း၊ ကစားကို ရှော့ ၍ စာကြည့်ရန်ဆုံးမသည်။ ကျွန်တော့ ကြောင့် အမေရှက်သည် ဆို၍၊ ရှက်ခြင်းကို သေသေချာချာ လုံးစေ့ပတ်စေ့ နားမလည်သော် လည်း စိတ်မကောင်းဖြစ်မိသည်။ ထို့ကြောင့် ကစားခြင်းကိုရှော့၍ ကျွန်တော့ အိမ်၌ရှိစေ ချင်သော မေမေ့ အလိုကျ ကျောင်းမှပြန်လာ လျှင် အိမ်မှာသာ နေ၍ လမ်းအတွင်းမှ သူငယ်ချင်းများ နှင့်ထွက် မကစားဖြစ်တော့ပေ။ ကျောင်းစာ နှင့်နီးလာ သည်ဟု ဆိုနိုင်သော် လည်းကျွန်တော် စာမကြည့်ဖြစ်သေးပါ။ အိမ်၌ အိပ်သည်၊ စားသည် အဖွါးအား မေမေ မေးလျှင် စာကြည့်ကြောင်း ညာခိုင်းသည်။ အဖွါးက လည်းကျွန်တော့ ကို အသည်း ဆိုတော့ “ အမေ့ မြေးစာကြည့်လား” ဟုမေး လျှင် “အေး… အိမ်မှာပဲ စာကြည်တယ်” ဟုကာကွယ် ပေးသည်။
ဤသို့လှုပ်လီ လှုပ်လဲ့ နှင့် ကျွန်တော် ၆ တန်းသို့ရောက်လာသည်။ ၆ တန်းမရောက်မီ ၃ တန်းမှ စတင်၍ ကျွန်တော်ပေါင်း သင်းခဲ့သော သူငယ်ချင်း နှစ်ဦးမှာ စာအင်မတန်စာတော် သော သူငယ်ချင်းများဖြစ်သည်။ ပထမ ဆု နှင့် ဒုတိယ ဆုကို သူတို့ကသာတောက်လျှောက် ယူထားသည်။ ၆ တန်းနှစ် ၏ ပထမ ဆုံး အဂ်လိပ် စာ အချိန်တွင် အဂ်လိပ်စာ ဆရာ ထုတ်ခိုင်းလိုက်သည် က မြန်မာစာ ဖတ်စာ အုပ်ပေ။ ထို့နောက် “ထိပ်ဆုံး သို့” အမည်ရသော ကဗျာ ရှိသည့် စာမျက်နှာသို့ လှန်ခိုင်းကာ၊ ထိုကဗျာလေးအား သံနေသံထား ဖြင့် ဖတ်ပြ၍ ကဗျာ၏ အဓိပ္ပါယ် ကို စေ့စေ့ငုငု ရှင်းပြသည်။ ထိုကဗျာလေး ကိုယနေ့ တိုင်ကျွန်တော် မှတ်မိနေပါသေး သည်။
“ထိပ်ဆုံး သို့”
တတောင်ပေါ် တတောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ
တတောင်ဆုံးပြန်တော့၊ တလုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုးလျှောက်ရပြန်
ခါတလေတကယ်ပန်းတာကြောင့်၊ တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ် မယ်ကြံ၊ အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တနေ့မှာ၊ ဆုံးရာရောက်ပါလိမ့်မယ်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့၊ စိတ်နွမ်းအသာဖြေဦး
မာလာငွေကန်ရေးအေးရယ်နှင့်၊ ငှက်တေးကိုအာရုံဆင်လို့
မူတသွင်အားအင်သစ်လိုက်ပ၊ ချစ်ဖွယ်လူသား။
ကျွန်တော့ဘ၀ တွင်စိတ်ဓါတ်ကျနေသည့် အချိန်များ၊ အခက်အခဲတခုကို လက်လျှော့လိုက်လို သည့် အခါများတွင် ထိုကဗျာလေး အားသတိရမိကာ အခက်ခဲအား လုံးလွယ်ခဲ့ရသည်။ ထို ကဗျာလေးအား သတိရမိသည် နှင့်အမျှ ထိုကဗျာ လေးအားရွတ်ဆို၍ ဆုံးမခဲ့ သော ကျွန်တော် တို့၏ ဆရာ ဦးညွန်ရွှေ အားလည်း သတိရ ကျေးဇူးတင် မဆုံးရှိရသည်။ ၆ တန်းနှစ် ကျွန်တော် တို့အတန်း၏ အတန်းပိုင်ဆရာမှာ ပထ၀ီဘာသာ သင်သော ဆရာမ ဒေါ်အေးအေးစိုး ဖြစ်သည်။ ပထမဆုံး အချိန်စ၀င် ကတည်းက ဆရာမ က စည်းကမ်းတင်း ကြပ်မည်ဖြစ်ကြောင်း၊ အားကစားရေးရာနှင့် အပန်းဖြေမှု အပိုင်းတွင် သူများအခန်းများ ထက်ရရှိ အောင်လုပ်ပေးမည်ဖြစ်ပြီး၊ ပညာရေးတွင် အနည်းငယ်မျှ အလျှော့ပေးမည် မဟုတ် ကြောင်း၊ ရှက်တတ်သူအား ရှက်တတ်သည့် အလျှောက်၊ ကြောက်တတ်သူအား ကြောက်တတ်သည့် အလျှောက် ဆိုဆုံးမ၍ ကျောင်းသားများ၏ ပညာရေး အရည်အသွေး မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် ကြိုးစားနိုင်ပါသော ဥာဏ်ရည် ဥာဏ်သွေးရှိလျှက် နှင့် ကြိုးစားချင်စိတ်မရှိသော၊ မကြိုးစားသော တပည့်များအားထိထိရောက်ရောက် ဆုံးမကာ အရေးယူသွားမည်ဟု ပြောကြားခဲ့သည်။ ကျွန်တော်လည်း ဆရာများထံမှ ကြားနေကျစကား ဖြစ်၍ ဆရာမ၏ စကားအဘယ်မျှ ရည်ရွယ်ကြောင်း မရိပ်မိခဲ့ပေ။ ဆရာမထံ၌ စာသင်ကြားနေ ရင်းတဖြည်းဖြည်း နှင့်မှ ဆရာမသည်ပြော သည့်အတိုင်းဖြစ်အောင် လုပ်ကြောင်းသိရှိလာရ သည်။ အားကစား ၀ါသနာပါသော တပည့်များအတွက် ကျောင်းမှအားကစားပစ္စည်းများ မလုံလောက် လျှင် သူ့ကိုယ်ပိုင်ငွေနှင့် စိုက်ထုတ်ခါ မတည်ပေးသည်။ စားမေးပွဲများ နီးလားလျှင် လည်း ကျေင်းသားများအား လေ့လာရေးခရီးပို့ဆောင် ပေးခြင်း၊ ၆ တန်းအရွယ် ခလေးများ စိတ်ဝင်စားနိုင်မည့် သုတ ရဿ ပေးနိုင်သော ဗီဒီယို များကြည့်နိုင်ရန်စီစဉ် ပေးခြင်း စသည်ဖြင့် နှစ်လုံးပေါက် အလုပ်ရှုပ်လျှက်ရှိသည်။ ၆ တန်းနှစ်တွင် ကျွန်တော့ အတန်း၏ မော်နီတာခေါ် အတန်းခေါင်းဆောင် မှာ ကျွန်တော်ဖြစ်သည်။ ထိုကြောင့် အတန်း မော်နီတာအဖြစ် ဆရာများအား အနီးကပ်ကူညီခွင့်ရ ခဲ့ပြီး ဆရာတော်တော် များများ၏ စိတ်နေစိတ် ထား လုပ်ပုံကိုင်ပုံတို့ကို အတုယူ သင်ကြားခွင့်ရခဲ့ သလို၊ ဆရာများကလည်းသူ တို့တပည့် ကျွန်တော့၏ပညာရေး ခြေအနေကို အရင်းအတိုင်း သုံးသတ်နိုင်ခဲ့သည်။ သို့နှင့် ဆရာမက ကျွန်တော့အားကြိုးစားရန် မကြိုးစားလျှင် နောင်ကျင်အောင် ဆုံးမည်ဟု ဆိုထားခဲ့ သည်။ မည်သို့ပင်ဆရာများက ဆုံးမသောလည်း ကျွန်တော့ ပညာရေးအခြေအနေ မှာတိုး တက်မှုမရှိဘဲ၊ ခုံနံပတ် ၁ မှ ၁၀ အတွင်းပင်မ၀င်ပေ။
သို့နှင့် ကျောင်းနှစ်ပတ်လည် ဆုနှင်းသဘင် နီးလာသော အခါ အတန်း၏မော်နီတာဖြစ်သည့် အားလျှော်စွာ၊ ထိုအခမ်းအနားတွင် ကြိုဆိုနေရာချထား နှင့် ဧည်ခံရေး အဖွဲ့ တွင်ပါဝင် ရမည် ဖြစ်ကြောင်း ဆရာမ ကတာဝန်ပေးသည်။ ထိုအချိန် ထိလည်းဆရာမ ဘာကိုစောင်းပေး၍ လုပ်ကိုင် နေကြောင်း စိုးစဉ်း မျှမရိပ်မိခဲ့ပါ။ ရိပ်မိ သိရှိသည့် အချိန် တွင်တော့ မှာ ရှက်ရွံ့ အား ငယ်မှု၊ ခံပြင်းမှု ဟု မဆိုသာသော ခံပြင်းမှု တို့နှင့် “ကြိုးစားရမည်” ဟူသော စိတ်ဓါတ် ကိုပိုင် ဆိုင်ခဲ့ပေတော့သည်။ ခဏမျှသော ပိုင်ဆိုင်မှု မဟုတ်ပဲ ယ္ခုတိုင် အမြဲ တမ်းအတွက်ပိုင်ဆိုင် ခဲ့ပြီဖြစ်သော ထို စိတ်ဓါတ်အတွက် ဆရာမအားအမြဲ အမှတ်ရကာ၊ အမှတ်ရတိုင်းလည်း ကျေးဇူးတင်လျှက်ရှိ ရသည်။
ဆုနှင်းသဘင် နေ့တွင်ထုံးစံ အတိုင်း အခမ်းအနားဖြစ် မြောက်ရေးအဖွဲ့ဝင် အဖြစ်စောစီးကာ ရောက်ရှိပြီး ဆရာ ဆရာမများနှင့် ဧည့်သည်များအား နေရာချပေး၊ အစားအသောက်များစီစဉ် ပေးခြင်းဖြင့် အလုပ်ရှုပ်နေစဉ်၊ ဆရာမက “ဟိုမှာ ငြိမ်းအောင်သက် နဲ့ လင်းထွဋ္ဋ်နိုင် လာနေပြီ နေရာချပေး လိုက်ဦး၊ မင်းသူတို့နေရာသိတယ် မဟုတ်လား” ဟုဆိုသည်။ ထိုသူနှစ်ယောက် မှာ ကျွန်တော်နှင် ခင်လှစွာအမြဲတွဲသည့် သူယ်ချင်း ၂ ဦးပါပေ။ သူတိုကိုကြည့် လိုက်တော့ ကျွန်တော့ လိုပဲ လည်ကတုန်းရှပ်အဖြူ၊ တိုက်ပုံနှင့် ကျောင်းစိမ်းနှင့်ပင်။ ကျွန်တော်တို့ သူငယ်ချင်းပင် ဖြစ်သော်ညားလည်း၊ အခမ်းအနားတစ်ခု ကို တူညီဝတ်စုံဝတ်၍ တက်ရောက်ရ သော်ညားလည်း၊ တက်ရောက်ခွင့် ရပုံရနည်းခြင်း၊ အခမ်းအနားကို ပါဝင်ရပုံခြင်း မတူ ကျွန်တော့မှာ အခမ်းအနား ဖြစ်မြောက်ရေးအတွက် ကူညီပေးရသူ(အကူ)၊ သူငယ်ချင်း များကတော့ ထို အခမ်းအနား ဖြင့် ဂုဏ်ပြုခြင်းခံရသူများ ဟူသော အားငယ်မိသည့် ခံစားချက် ကို သူငယ်ချင်းများ အားလိုက်လံ နေရာချပေးရင်း ခံစားမိသည်။ ထို အခိုက်အတန့်လေး ကို သတိထပ်ချပ် မကွာစောင့်ကြည့်နေသော ဆရာမ က ထိုမျှနှင့် မပြီးသေးပါ၊။ အစားအသောက် ချပေးနေသော ကျောင်းသူ အများအပြားရှိပါ လျှက် ကျွန်တော့ နောက်မှ ကပ်လိုက်လာပြီးလျှင် “သူတို့ကို စားစရာတွေ ချပေးလိုက်ဦး” ဟုဆိုသည်။ ကျွန်တော့ မှာအားငယ်စိတ် နှင့်သူငယ်ချင်းနှစ်ဦးအနား လည်းမသွာလိုတော့ပါ၊ မေ့မေ့ပြောက်ပြောက် အခြားဧည့် သည်များကိုသာ သွားရောက်ဧည့်ခံ လိုသော်လည်း ဆရာမ အမိန့်ကို မလွန်ဆန်ရဲပြန်ပါ။ သို့နှင် စားသောက်ဖွယ်ရာ ပုဂံ များကိုကိုင်လျှက် ထိုသူငယ်ချင်း နှစ်ဦးထံ သွားမည်ဟု လှမ်းအကြည့် မိဘအဆွေအမျိုးများနှင့် ပညာရည်ချွန်ဆု ယူရန်တက် ရောက်လာသော သူငယ်ချင်း နှစ်ဦးမှာစကား ဖေါင်ဖွဲ့လျှက် မိန့်မိန့်ကြီးထိုင်နေကြသည်။ ထိုသူတို့ထံ လှမ်းနေသော ကျွန်တော့ခြေလှမ်းများ ၀မ်းနည်းမှု အားငယ်မှု များနှင့် လေးလံနေ သည်။ ကျွန်တော့ ကိုမှခိုင်းရက်လေ ခြင်းဟု ဆရာမအား ထိုခဏ၌ စိတ်ဆိုး မိ သည်။ ထိုနေ့မှာပင် ကျွန်တော် ဆုံးဖြတ်ချက် ကိုအခိုင် အမာချခဲ့သည်။ ကျွန်တော် ချစ်သော သူငယ်ချင်းများနှင့် ပညာရည်ချွန်ဆု အတူတကွ ယူရန်၊ ထိုနေ့လိုအခမ်းအနားမျိုး၊ ထိုနေ့လိုခံစားမှု မျိုးထပ်မံ မရရန်၊ ကျွန်တော်ချစ်သော မိဘ ကျွန်တော့ကို ပိုင်ဆိုင်ရခြင်း ကြောင့် စိတ်ပျက် အရှက်ရ ရခြင်းမျိုး မဖြစ်စေရန် ကျွန်တော် မဖြစ်မနေကြိုးစားရမည် ဟူသော အသိ၊ ထိုအသိအတိုင်း ကြိုးစားအားထုတ်မည် ဟူသောဆုံးဖြတ်ချက်ပါ တပြိုင်တည်း ချမှတ်လိုက်သည်။
၆ တန်းနှစ်တွင် ကျွန်တော် တတိယ ဆုရရှိခဲ့သည်။ ၇ တန်းနှစ်တွင် ရွှေပြည်သာ အ.လ.က (၃) သို့ ကျောင်းပြောင်းတက်နေသည်ဖြစ်ရာ ၆ တန်းအတွက် ပညာထူးချွန်ဆုကို ကျောင်းတက် ခဲ့ရာ လှည်းကူ၌ ပြန်ယူရသည်။ အတန်းပိုင် ဆရာမနှင့်လည်း ပြန်တွေ့ ကာ ဆရာမ အား အထင်လွဲစွာစိတ်ဆိုးမိကြောင်းတောင်း ပန်၍ နောင်တွင် ကျွန်တော့ မိဘများ၊ ဆရာသမာများ ဖြစ်စေချင်သည့် ပုံစံအတိုင်းကြိုးစားသွား မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ ထိုနှစ်မှ စ၍ အထက်တန်းကျောင်းသား ဘ၀တလျှောက် ဆုမရသော နှစ်မရှိခဲ့ သလို စက်မှုတက္ကသိုလ် သို့ တက်ရောက် ပညာသင်ကြားခွင့်ရခဲ့သည်။ အင်ဂျင်နီရာ ဆိုသော ပညာ လေးဖြင့် ဘ၀တွင် အသက်မွေးဝမ်း ကြောင်းခွင့်ရခဲ့သည်။
ကျွန်တော်စဉ်းစားကြည့် မိသည်၊ ထိုအချိန်ကသာ မိဘစကား၊ ဆရာ့စကား အဆိုဆုံးမ တို့ကို နားမ၀င်ပဲ ပညာကိုသာ စိုက်လိုက်မတ်တတ် မသင်ယူခဲ့ပါလျှင်၊ ပေါ့ပေါ့နေ ပေါ့ပေါ့စာတတ် သော ကျွန်တော် ခုချိန်ဆို ဆိုက်ကားသမား သို့မဟုတ် စာရင်းငှာတော့ ကောင်းကောင်းဖြစ် နေလောက်ပေပြီ။ ကျွန်တော်ဒီနေ့ ဒီအချိန် လူများကြားမှာ ပညာဆိုသော အထောက်အပံ ဖြင့် မားမားမတ်မတ် ရပ်တည်နိုင်အောင် မကောင်းမြစ်တား၊ ကောင်းရာညွှန်လတ် ခဲ့သော မိဘ၏ကျေးဇူး အထွေထွေကို လည်းကောင်း၊ အတတ်လည်းသင် ပဲ့ပြင်ဆုံးမခဲ့သော အပြားပြားသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အားလည်းကောင်း ဤ ပို့လေးဖြင့် အမှတ်တရ ဂါဝရပြု အပ်ပါသည်။

Friday, November 20, 2009
အမှတ်တရ ချစ်သူငယ်ချင်း နှစ်ဦး
ကျွန်တော်မို့ တခုခုစလုပ်ပြီဆို သူငယ်ချင်းတွေကစိတ်ဝင်စားလေ့ရှိကြတယ်။ ကျွန်တော်က လည်း ကျွန်တော် ဟောင်ပွါ ဟောင်ပွါလျှောက်ပြောလေ့ရှိ ပြီး၊ အလုပ်လုပ်တဲ့နေရာမှာလဲ အသစ် အဆန်းကြီးမဟုတ် သည့်တိုင် တနည်းနည်းနှင့် သူများနဲ့ ကွဲပြားအောင်တော့ လုပ်လေ့ရှိသည်။ အဲဒီ အကျင့်ကြောင့်ပဲ မကြာခဏ သူတပါး မျက်မှုန်းကြိုးစွာ ယှဉ်ပြိုင်ခံရလေ့ ရှိသည်။ ကျွန်တော့မှာ နဂိုက လူတော်မဟုတ်ပဲ အသစ်အဆန်း လုပ်ချင်စိတ်သာရှိတာမို့၊ ကျွန်တော် လုပ်တဲ့ အလုပ်ကို သူငယ်ချင်းတွေ လိုက်လုပ်တော့လဲ ကျွန်တော့ ထက်ပိုတော် ပိုထူးချွန်ကြတာပါပဲ။ အဲဒီအတွက် တော့ဖြင့် ကျွန်တော့ မှာ တစိုးတစိ မှစိတ်အနှောက် အယှက်မဖြစ်ရပါ။ စိတ်အနှောက် အယှက်ဖြစ်ရတာက ခင်ခင် မင်မင်ပေါင်းတဲ့ သူငယ်ချင်း တွေ၊ အနိုင်လိုချင်တာ တခုတည်းနှင့် နေရာတိုင်းပြိုင်၊ ကိုယ်က ရိုးရိုးပြောလို့လဲ ရိုးရိုးမထင် နှင့် အင်မတန် မှစိတ်ညစ်ရပါသည်။
ကျောင်းတက်တုန်း ကလည်း သူငယ်ချင်းတစ်ယောက် တွေ့ဖူးပါသည်။ ကျွန်တော့မှာ အိမ်ကို အလုပ်ကူ လုပ်နေတာ တကြောင်း၊ ပိုက်ဆံ အများကြီး မတတ်နိုင်တာ တကြောင်းမို့၊ လစဉ်ကြေးမြင့် တဲ့ YTU ကျူရှင်များကို အပြည့်မယူနိုင်ပဲ၊ ကျူရှင် တက် သည့် ထို သူငယ်ချင်းဆီ မှာ အမြဲစာမေးရသည်။ သူကလည်း ကျွန်တော့ကို အမြဲ စိတ်ရှည် လက်ရှည် ရှင်းပြတတ်သည်မို့ အရမ်းလည်းကျေးဇူး တင်ပြီး တော်တော်လည်းခင်မိသည်။ သို့ပေမဲ့ ဖြစ်ပုံက စာမေးပွဲဖြေ တိုင်း ကျွန်တော့ ခုန်နံပတ်က သူ့ရှေ့ကအမြဲရောက်နေတတ်သည်။ ကြာတော့ သူလည်းလေ လောကီသား မို့ စိတ်ပေါက်လာပုံ ရပါရဲ့ စိတ်မကောင်းစရာ “မင်းလည်း အမြဲ ကံကောင်းမနေဘူး၊ ငါလည်းအမြဲ ကံဆိုး မနေဘူ” ဟုဆိုရှာသည်။ စ သတိထားမိသည် က ဒုတိယနှစ်မှာပါ။ Spot ရမည်ဖုန်းဆက်ပါဆို၍ ဖုန်းဆက်တော့ သူရသည့် Spot တွေပေးပါ သည်။ နောက်တနေ့မနက် ကျောင်းရောက်တော့ လမ်းမဘက်ကျောပေး ကာဒီပြင့်သူငယ် ချင်းတယောက်နှင့် စကားပြောနေသည် ကိုတွေ့ရသည်။ ကျွန်တော်လည်း ကျွန်တော့အကျင့် အတိုင်း ဒီကောင်တွေကို နှောက်ယှက်ရမည် ဟုအနားကပ် သွားမှသတိထားမိသည်၊ သူ ထိုသူငယ်ချင်းအားပေးနေ သောSpot များသည် ကျွန်တော့အားပေခဲ့ သည်များနှင်မတူပါ။ စာမေးပွဲပီး သွားမှ ကျွန်တော့အား အလွဲ Spot များပေးခဲ့ကြောင်း သဘောပေါက်ရသည်။ ကျွန်တော်လဲ သူ့စိတ်နေ စိတ်ထားသိရတော့ သတိထားပီးနေလို့ ရတာပေါ့ဟုသာ စိတ်ဖြေလိုက်ရသည်။
ကျွန်တော့ မှာ စိတ်ရှုပ်စရာကလည်း များသည် မို့ ပဉ္စမနှစ် နှင့် နောက်ဆုံးနှစ် တွင် စာလည်း စိတ်မ၀င် စားတော့ ပါ၊ မဟာတန်းကို လည်းစိတ်ရှုပ်ထွေးခြင်း များစွာနှင့် ဆက်မတက် လိုတော့သည် မို့ အောင်ရုံလောက် သာမှန်း၍စာ ကြည့်တော့ သည်။ ၀မ်းမြောက်စရာ အဲဒီသူငယ်ချင်း ခုန်နံပတ် ခြောက်ခုလောက် ကျော်ပြီး ကျွန်တော့ရှေ့မှ အောင်သည်။ ဒါပေမဲ့ ရှေ့ဆုံးကတော့ မဟုတ်ပါ၊ သူ့ရှေ့မှာ ၁၀ ရောက်ကျော် ၁၂ ရောက်လောက်ရှိသေး သည်။ ကျွန်တော် စဉ်းစားမိသည်က ကျွန်တော့ ရှေ့ မှာရော၊ သူရှေ့မှာရော ခုန်နံပတ်မြင့် သူအများကြီးကို စံထား အလုပ်မလုပ်ပဲ၊ ကျွန်တော့ ကျမှယှဉ်ပြိုင်စရာ အဖြစ်သဘော ထားသည်ကို ခုထိလည်းစဉ်းစားမရပါ။ ဘာမဟုတ် တဲ့ ကျွန်တော် လို ငချွတ် ထက် ခုန်နံပတ်သာလွန်အောင် မြင်ခြင်း သည် ဘယ်လောက်များ သူ့ဘ၀ အတွက် တန်ဖိုးရှိလို့လဲ၊ ကျွန်တော်သိချင်လိုက်တာ။
ပြီးခဲ့သော တပတ်ကျော်က သူငယ်ချင်းတယောက် ကျွန်တော်တို့ကုမ္မဏီမှာပဲ အလုပ်ရသည် မို့ လိုက်ကြွေးသည့် ပွဲတွင် ထိုကျောင်းတုန်းက သူငယ်ချင်းနှင့်ပြန်ဆုံရသည်။ မတွေ့ တာလဲ ကြာပြီမို့ ထိုသူငယ်ချင်း နံမည်လဲ မေ့တေတေ…ကျွန်တော် ကိုယ်တိုင်ကလည်း မေ့တတ်တာ ပါ မည်။ စကားပြောချင်လျှင်ပင် နံမည်ကို မနည်းပြန်စဉ်းစားယူရသည်။ ကျွန်တော် ဟာအမြဲ ကံကောင်း နေသူ ဟူသော သူ၏ အမြင် မှာ ယ္ခုထိမပြောင်း လဲသေးပေ။ စကားစပ်မိသည့် ခဏ အတွင်း မှာ ပါပင် “ ငါတို့လဲ ကံကောင်းချင် လို့ ကုသိုလ်ရအောင် ကထိန်ခင်းမလို့ “ဟု ဆိုသည်။ အံ့သြောမိသော် လည်း ကျွန်တော် လုပ်ရမဲ့ အလုပ်အတိုင်း အများကို အလှူခံ ရင်ဖြင့် ကျွန်တော်လည်း ပါဝင်လှူဒါန်းမည် ဖြစ် ကြောင်းပြောခဲ့ရသည်။ အချိန်ရသော တနေ့နေ့မှ ကျွန်တော် နားလည်ထားသော ဗုဒ္ဓဘာသာ အလှူ နှင့် သူနားလည်ထားပုံ ကိုဖလှယ် ရဦးမည် ဟု မှတ်သားထား လိုက်မိသည်။ သံသရာမှ လွတ်ကြောင်းဦးထိပ် ထားကြသော ဗုဒ္ဓဘာသာတွင်၊ ဗုဒ္ဓဘာသာ ၀င်တို့ ဘာကြောင်တ၀ဲလယ်လယ် ဖြစ် နေသေးကြောင်း အနည်းဆုံး သင်ညာသိဖြင့်တော့ ရှင်းပြနိုင်မည်ဟု မျှော်လင့်မိသည်။
လူအမျိုးမျိုး စိတ်အထွေထွေ ဆို သည့်အတိုင်း အထက်ကဆိုခဲ့သော သူငယ်ချင်းနှင့် ဆန့် ကျင်ဘက် စရိုက်သဘာဝထွန်းကား သောသူငယ်ချင်း တစ်ယောက်လည်း ကျွန်တော့ မှာရှိပါ သည်။ ထိုသူ နှင့် ကျွန်တော် သုံးတန်းနှစ်ကတည်းက သူငယ်ချင်းဖြစ်ပြီး၊ အသက်မွေးဝမ်း ကြောင်းတွေ မတူသည့်တိုင် ယ္ခုထိ အတွဲမပျက်ပါ။၎င်းသူငယ်ချင်း မှာထိုစဉ်က စာအင်မတန် တော်ပါသည်။ ပင်ကိုယ် ဥာဏ်ရည်ဥာဏ်သွေး ကောင်းသောကြောင့် လည်းကောင်း၊ မိဘနှစ်ပါး စလုံး မှာဆရာဝန်ဖြစ်၍လည်းကောင်း၊ ဆရာများ ချစ်ခင်ကာ အရေးပေးခံရသူ လည်းဖြစ်သည်။ ကျွန်တော်ကတော့ ချာတူးလန်၊ ဆရာဆူတာ ရိုက်တာ ခဏခဏ ခံရသည်။ သို့ပေမဲ့ မမှတ် ရိုက်တုန်းခဏသာ၊ ပြီးရင်အဆော့ မပျက်၊ အရိုက်ခံမပျက်။ ဘယ်လိုပင် သဘာဝမတူသော်လည်း ကျွန်တော် တို့အတွဲမပျက်ကြပါ။ အတူတူကစားသည် အတူတူတော့ စာမကြည့်ပါ။ သူလဲတော် မဲ့သာတော် သည် စာကိုအထူးအထွေ မကြည့်ပါ။ စာကြည့်မည်ဟု ဆိုကာကျွန်တော့ အိမ်ရောက်လာ (သို့မဟုတ်) သူ့အိမ်သွားကာ ကစားနေကြသည် ကများသည်။ အချိန်တန် သူ့ Roll ကရှေ့ မှာ ကျွန်တောက ပိတ်ချီး။ ကျွန်တော်လည်း သူ့ Roll ဘယ်တုန်းကမှမလိုချင်၊ သူကလည်း ဘယ်တော့ မှ Roll မကျ။ သို့နှင့် ၇ တန်းနှစ်တွင် သူငယ်ချင်းများနှင့် ခွဲ ဖို့အကြောင်း ပေါ် လာသည်။ အဒေါ်က ကျွန်တော့ အား ၁၀တန်းရောက် လျှင် နံမည်ကြီး လှသောင်းကျောင်း ၌ ထားလို၍၊ အခြေခံရအောင်ဟု ဆိုကာ ၇ တန်းနှစ်တွင် ရွှေပြည်သာ အလက ၃ ၌ ကျောင်း ပြောင်းထားရန် မေမေ့ အားတိုက်တွန်း ရာမှစ၍၊ ရွှေပြည်သာ သို့ကျောင်းပြောင်းတက်ဖြစ် သည်။ ၈ တန်းတွင် ကျွန်တော့ နယ်မှာသာ ကျွန်တော်ကျောင်းတက်ချင်သည် ဟူ၍ပြန်ပြောင်း လာမှ ထိုသူငယ်ချင်းနှင့်ပြန်တွေ့ရသည်။ ကျောင်းပြန်တက်သော အခါမှသတိထားမိသည် မှာ ဒီကောင်ကျောင်း စာတွင် စိတ်ဝင်တစား မရှိတော့ပါ။ ကျွန်တော် နှင့်အဆက် အသွယ် မရှိသည့် တနှစ်အ တွင်း ကြီးကောင်ဝင် လာ၍လည်းကောင်း၊ အပေါင်းအသင်းစုံ လာ၍ လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် ထင်ပါ၏ Roll နံပတ်များလည်း မကောင်းလှ တော့ပါ။ ထိုအချိန်မှာ မှစ၍ကျွန်တော်လည်း ကျွန်တော်ပျော်သည့် နေရာပြန်ရောက်ကာ စာစ ကြည့်ဖြစ်၍၊ စာတော်သူတစ်ယောက်ဟုဆရာများ၏ အသိအမှတ်ပြုမှုကို တစတစ ရလာသည်။ သို့ပေမဲ့ ကျွန်တော်တို့ သူငယ်ချင်းနှစ်ယောက် အခင်မပျက် အမင်မပျက် တတွဲတွဲသွားမြဲ၊ ကစားမြဲသာ။ ၉ တန်းရောက် တော့ ဒီကောင့်မိဘများက မန္တလေးသို့ ကျောင်းပြောင်းထား မည်ဟုဆို ကာ၊ မန္တလေးပြောင်းသွားသည်။ ၁၀ တန်းအောင်တော့ ကျွန်တော်က ၂ ဘာသာ ဂုဏ်ထူးနှင့် စက်မှုတက္ကသိုလ်ဝင်ခွင့်ရသည်၊ သူက ၁ ဘာသာဂုဏ်ထူးနှင့် သချာင်္မေဂျာဝင်း သွားသည်။ ၁၀ တန်းအောင်စာရင်းထွက် လာတော့ ကျွန်တော်မပျော်ပါ၊ ဒီကောင့်အတွက် တော့ စိတ်မကောင်းပင်ဖြစ်ရပါသည်။ ဆေးတက္ကသိုလ်ဝင် ဖို့အထိမှန်း နိုင်းသောကျွန်တော့သူငယ်ချင်း တက္ကသိုလ် ၀င်ခွင့် မေဂျာ ရွေးချယ် ချိန်တွင် အင်မတန်မှ စိတ်ထိခိုက်ပေလိမ့်မည်။ မင်းပြောင်းသွားလို့ဟု စကား ကြုံတိုင်း အပြစ်တင်မြဲ၊ ကျွန်တော်လည်း စိတ်မကောင်းဖြစ်ရမြဲ။ ဘာကိုအပြစ်တင်ရ မှန်းလည်း မသိ။ သို့ ပေမဲ့ သူနှင့် ကျွန်တော် အခင်မပျက် အဆွက်အသွယ် မပျက်ခဲ့ပါ။ ရန်ကုန်တွင် သူရှိနေချိန်၌ ကျွန်တော် ကျူရှင်သွားရာ သူ့ကားနှင့်လိုက်ပို့မြဲ။ ကျွန်တော်လည်း ပိုက်ဆံ ပြတ်လျှင် သူဆီမှ ချေးမြဲ။
တခါတခါတော့ ကျွန်တော်ခင်သည့် ထိုသူငယ်ချင်း ၂ယောက်ကို ယှဉ်ကြည့်မိသည်။ တယောက်မှာ အင်မတန်အေးချမ်း၍ တယောက်မှာ အင်မတန်မှ ယှဉ်ပြိုင်လိုစိတ်ပြင်းထန် သည်။ ထိုဆန့်ကျင်ဘက် သူငယ်ချင်း ၂ယောက်တွင် ကျွန်တော်သဘောကျသောတူညီချက် မှာ မည်သို့ပင်ဆိုးဝါးသော ဘ၀အပြောင်းအလဲနှင့်ကြုံကြုံ ကျရာနေရာပြန်ထနိုင်အောင်ကြိုး စားခြင်း၊ ကြိုးစားသည့် အတိုင်းပြန်လည်အောင်မြင်လာနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းအရာ အားလုံးသည် ဖြစ်ချိန်တန်၍လည်းကောင်း၊ အကြောင်းတိုက်ဆိုင်၍လည်းကောင်း ဖြစ်ခဲ့ကြသလို၊ ထိုသူငယ်ချင်း နှစ်ဦးမှာလည်း ကျွန်တော်ဖြတ်သန်းခဲ့ပြီးသော အတိတ်ကာလ များ၏ အမှတ်တရများပင်ဖြစ်ပေတော့သည်။

Subscribe to:
Posts (Atom)