Showing posts with label Experience. Show all posts
Showing posts with label Experience. Show all posts

Tuesday, June 22, 2010

MRT ပေါ်မှ နေ့စဉ်မြင်ကွင်းများ (၁)

ကျွန်တော့အလုပ်က စင်ကာပူရဲ့ အရှေ့ ပိုင်းမှာ ရှိပြီး၊ ကျွန်တ်ာနေတာ က စင်ကာပူအနောက်ပိုင်းဆိုတော့၊ တနေ့ တနေ့ ကို ၄၅ မိနစ်လောက်တော့ အမြဲပဲ ရထားစီရသည်။ နိစ္စဓူဝ ဆိုတော့ ပတ်ဝန်းကျင်ရှု့ခင်းတွေမှာလည်း မသာယာတော့ပါ။ အိပ်တဲ့အခါအိပ်၊ ငိုက်တဲ့အခါငိုက်၊ စာဖတ်တဲ့အခါဖတ်နဲ့ ခရီးသွားချိန်ကို ကုန်ဆုံးရပါသည်။ တခါတလေကျတော့ အိပ်ရေးကဝလို့ ထပ်အိပ်ဖို့ကြိုးစားတော့ လည်း မရ၊ စာကျတော့လည်းမဖတ်ချင်အောင်ကိုပျင်းနေတော့သည်။ ထိုအခါ မျိုးဆိုလျှင်တော့ တွေးချင်ရာတွေး၊ ငေးချင်ရာငေး ဆိုသည့် အလုပ်ကို ကျွန်တော်လုပ်ပါသည်။ ငေးမောတွေးတောရင်း ရထားပေါ် က လူများ၏ အမူ အကျင့် စရိုက် လက္ခဏာများကိုတဖြည်းဖြည်း သတိထားမိလာသည်။

တချို့ကလည်း ရထားပေါ်အော်ကြီး ဟစ်ကျယ် စကားပြောလို့၊ တချို့ကလည်းငိုက်လို့၊ တချို့ကလည်း P2P ဂိမ်းဆော့လို့၊ တချို့ကလည်း i-phone လေးထုတ်ပြီး Video ကြည့်လို့၊ တချို့ကလည်း ရထားရဲ့ အသံလွှင့်စနစ်က ဘာတွေပဲကြေငြာနေ ကြေငြာနေ သူတို့အလုပ်မဟုတ်ဘူး ဆိုပြီး သီချင်းတွေ အကျယ်ကြီးဖွင့်လို့၊ အဲ...ငိုနေတဲ့ ကလေးကပါ ပါလာရင် ရထားတခု လုံးဆူညံပွက်လောရိုက်ပြီး အသံပိုင်းဆိုင်ရာ ငရဲပြည်လို့တောင်ပြောလို့ရပါသည်။ ရထား၏အလိုလျှောက်အသံလွှင့်စနစ် မှာလည်း ၃ မိနစ်တခါလောက်ကြေငြာနေသည် ဖြစ်ရာ ခရီးတိုသွားသော သူအတွက်သိပ်မသိသာသော်ငြားလည်း၊ ၄၅ မိနစ်၊ ၁နာရီ စီးနင်းလိုက်ပါရသူအတွက် စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်သည်။ ကျွန်တော်ကတော့ ထိုဝိပါကဝဋ် ကို မနက်တခါ၊ ညနေတခါ ခံရပါသည်။ ကြာကြာနေတော့ ကြားသမျှအသံ အားလုံးကို နားမထောင်တတ်သောအကျင့် ကျွန်တော်ရသွားပါသည်။

မြင်သမျှထဲတွင်တော့ ထူးထူးခြားခြားမှတ်မိနေတာလေးတွေရှိသည်။ ထိုအထဲတွင် ယ္ခုညနေ တွေခဲ့ရသော သူတဦးလည်းပါသည်။ ညနေက ကျွန်တော်ရထားပေါ်တွင် နေရာရပါသည်။ ကျွန်တော်တက်ပြီး ဒုတိယ မှတ်တိုင်တွင် တရုတ်တယောက်တက်လာပါသည်။ ထိုသူမှာ သားသားနားနားဝတ်ဆင်ထားပြီး၊ ရှပ်အင်းကျီကိုအပြင်ထုတ်ဝတ်ထားသည်။ i-phone နားကြပ်ကိုနားထဲထည့်၍ ထားပြီး ကျွန်တော်ထိုင်နေသောနေရာ၏ရှေ့တွင်လာရပ်သည်။ မီးရထား ဘူတာမှ စတင်ထွက်ခွါတယ်ဆိုရင်ပဲ အဆိုပါလူမှာ သူ၏လုပ်ငန်းစဉ် ကိုစပါတော့သည်။ ဘယ်ဖက် လက်မောင်းရင်းတွင်ရှိသော နီနီ အဖုကလေးများ ကို တဗျင်းဗျင်း မည်အောင် ကုတ်ပါတော့သည်။ ထိုသူ ကုတ်ရာမှာ ထွက်လာသော အမှုန်အမွှား များမှာ တဖက်မှ နေရောင်တန်းများကြားတွင် အထင်းသားတွေ့မြင်နေရသည်။ ခဏ နား၍ တခါ ညာဖက် လက်ဖျံ တွင်ရှိသော နီနီ အဖုများကိုတဖန် ကုတ်ပြန်သည်။ အမှုန်များ ကတော့ ထိုသူ၏ဘေးတွင် ပျံဝဲလျှက်ရှိသည်။ ထို့နောက် သူ၏ ညာလက်သည်းတွင်ဝင်နေသော ချေးကို ဘယ်ဘက်လက်သည်း နှင့်ကုတ်ထုတ်၍၊ ဘယ်ဘက်လက်သည်းတွင် ဝင်နေသော ချေးကို ညာဖက်လက်သည်းနှင့် ကုတ်ထုတ်သည်။ ထိုသူခေါင်းမှလည်း ယားပုံရပါသည်။ တခါခေါင်းကို ကုတ်ပြန်သည်။ သူ၏ဆံပင်များမှာ မည်းတချို့၊ ဖြူတလီရှိကာ၊ ခေါင်းကုတ်ရသည်နှင့် အားမရဟန် တခါတခါ လက်ညှိုး၊ လက်မ တို့နှင့် ညှပ်ကာ ဆံပင်များ ကိုဆွဲလိုက်သေး သည်။ ထို့နောက် အလောတကြီးပင် ဝင်လာသည့် SMS ကိုပြန်လိုက်သည်။ SMS ပြန်ပြီး ဖုန်းကို ဘောင်းဘီ အိတ်အတွင်းပြန် ထည့်ကာ သူ၏ လုပ်ငန်းစဉ် ကိုပြန်စပါသည်။ ဒီတခါတော့ ဦးခေါင်း နှင့် လက်မောင်း မှ အဖု များ မဟုတ်တော့ပါ၊ ပိုအတွင်းကျလာပါသည်။ အပြင်ထုတ်ဝတ်ထားသော အင်းကျီ အတွင်း လက်နှိုက်ကာ အသံပေါင်းစုံထွက်အောင် သူ၏ ဗိုက်ကို ကုတ်ပြန်ပါသည်။ ထို့နောက် ကနဦးက လုပ်ခဲ့သည့် အတိုင်း လက်သည်းမှ ချေးများကို ထုတ်ပြီး ဘောင်ဘီ နှင့် ပုတ်ခါကာ လက်ကို သန့်စဉ် လိုက်သည်။ ထိုအချိန်တွင် မီးရထား မှာလည်း လူအတက် အဆင်း များသော City Hall ဘူတာကို ကျော်လွန် ခဲ့ပြီ ဖြစ်သည်။ ထိုသူ လည်း လှုပ်လှုပ် ရှားရှား ဖြစ်သွားသော ခရီးသည် အတက် အဆင်းငြိမ် သွားသည် နှင့် နောက် တမျိုးစပြန်ပါသည်။ လက်ကို အင်းကျီအောက်ပြန်ထည့် ခါ ချက်မှ ချေးထုတ်ပြန်ပါသည်။ ပိပိ ရိရိ လျှို့လျှို့ဝှက်ဝှက် ထုတ်သည် မဟုတ်ပါပေ။ ဗိုက်ကို လှန်ထုတ်ပြီးသည့် အပြင်၊ ထွက်လာသည့် ချေးဖတ်ကိုပင် အသေအချာ ကြည့်နေပါသည်။ နေရာ မှပဲ ထပြေးရတော့ မလို ကျွန်တော့မှာ တော်တော် စိတ်ပျက်သွားပါသည်။ ထိုအချိန်တွင် ရထားမှာ Redhill ဘူတာသို့ဝင်လာပြီး ထိုသူမှာကသုတ်ကရက် နှင့် ဆင်းသွားရာ၊ ကျွန်တော့် မှာ ထိုအခါကျမှ အသက်ကိုပြင်းပြင်းရှုမိရတော့သည်။

ထိုမျှ သန့်ရှင်းသော မောင်တရုတ်ဆင်းသွားပြီး၊ ကျွန်တော့ရှေ့ လာရပ်သော ခရီးသည်မှာ အသက် ၅၀ ခန့်အရွယ်ရှိ တရုတ်မကြီး တဦးဖြစ်သည်။ အသက် ၅၀ ခန့် ထင်ရသော်ငြားလည်း၊ ထိုအမျိုးသမီးမှာ ပိန်ပိန် ပါးပါးနှင့် အပျိုလေး ရှုံးရအောင်ပြင်ဆင် ထားသည်။ မျက်နှာမှာလည်း ပေါင်ဒါ၊ နှုတ်ခမ်းနီ၊ အိုင်းလိုင်နာ အပြည့်နှင့် မှုန်လို့၊ ဆံပင်မှာ လည်းအတို အကောက် ကို အနီ ရောင်ဆိုးထားသည်။ အားလုံးထဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ သူမ၏ ဝတ်စားထားပုံပင် ဖြစ်သည်။ အပေါ်ပိုင်းတွင် မော်ဒယ်စိမ်း ရောင် တောက်တောက် ကြိုးတချောင်းကိုယ်ကြပ် အင်းကျီကိုဝတ်ဆင်ထားကာ၊ အောက်ပိုင်းတွင်တော့ လူမြင်လျှင်အထူးစိတ်ဝင်စားဖွယ်ကောင်း အောင်ဝတ်ဆင်ထားသည်။ အပြင်က အဖြူရောင်ဘောင်းဘီ၊ ပွပွတိုတို ဝတ်ထားပြီး၊ အရောင်တောက်တောက် အစိမ်း၊အပြာ၊အနီ တို့နှင့် တန်ဆာဆင်အပ်သော ပြောက်ကြား အတွင်းခံ ကိုဝတ် ဆင်ထားသည်။ ကျွန်တော်လည်း မျက်နှာဘယ် ထားရမည်မသိ။ တချိန်တည်းမှာလည်း အင်းကျီလက်ပြတ်တောင်မှ မနည်းတိုက်တိုက် တွန်းတွန်းဝတ်ခိုင်းရသော မိမိ တိုင်းပြည်မှ လူကြီးများ နှင့် နှိုင်းယှဉ်စဉ်းစား မိသည်။ သိပ်မကြာ လိုက်ပါ Jurong East ဘူတာရောက်သော အခါ ထိုအမျိုးသမီး မှာပြာရိပြာယာ နှင့် ဆင်းသွားပြန်သည်။

Jurong East ဘူတာမှ တက်လာသော သားအမိမှ သာ၍စိတ်ဝင်စားဖွယ် ကောင်းပေတော့သည်။ ထိုသားအမိ မှာမြန်မာ များဖြစ်ကြကြောင်း မိခင်အားကြည့်ခြင်းဖြင့်လည်းကောင်း၊ ပြောဆိုနေသောစကားသံများမှလည်းကောင်း သိမှတ်ရသည်။ မိခင်မှာ ဆံပင်ကိုကြက်ဆံမှီး ကျစ်၍ ဆံပင်ကိုသေသေချာချာ ထုံးဖွဲ့ ထားသည်။ အင်ကျီလက်ရှည် ရင်ဖုန်းဝတ်ဆင်ထားပြီး၊ ထမီ ကိုခြေမျက်စေ့ ဖုန်းအောင်ဝတ်ဆင်ထားသည်။ ဖိနပ်မှာလည်း မြန်မာ ပြည်ဖြစ် ပိန္နဲ ဖိနပ်ကိုဝတ်ဆင်ထားသည်။ Made in Burma လို့ရဲရဲ ကြွေးကြော်နိုင်သော အနေအထားပါပေ။ သို့သော်... သို့သော်...သူမ၏သမီးငယ် ဝတ်ဆင်ထားပုံ အားလေ့လာကြည့်ပါဦးစို့။ အပေါ်မှ စွတ်ကြယ်အဖြူ အကြပ်ကိုဝတ်ဆင်ထားသည်။ အောက်ပိုင်းမှာတော့ ပေါင်ကြားညှပ် သည်မျှ တိုနေသော ဂျင်းဘောင်းဘီ ကိုဝတ်ဆင်ထားသည်။ ထိုကဲ့သို့သော ဘောင်းဘီမျိုး မှာ တကယ့်ကို အရှက်လုံသည်ဆိုရုံမျှ ရှည်သော ဘောင်းဘီ မျိုးဖြစ်သည်။ တရုတ်မလေးများလည်း ထိုကဲ့သို့သော ဘောင်းဘီ မျိုး ဝတ်လေ့ရှိကြပါသည်။ သို့သော် သူတို့က ပိန်ပိန်သေးသေး နှင့် သူယာဉ်ကျေးမှုနှင့်သူ။ မြန်မာ မိန်းကလေး များကတော့ ထုံးဆံအတိုင်း ခြေသလုံးတုတ်၊ ပေါင်တုတ်...ထိုမိန်းကလေးတွင် ပိုဆိုးသည်က ခြေသလုံး နှင့် ပေါင်များတွင် ဂျပိုး ကိုက်ထားသလို အနီရောင် ပြင်ကွက် အဖုကြီး များ အထင်းသားရှိနေခြင်းပင် ဖြစ်သည်။ ကိုယ်ခန္ဓာကိုယ် နှင့် ကြိုက်တာဝတ်တယ် ဘာဖြစ်လဲဟုဆိုလျှင်မူ၊ ကျွန်တော်ကရော ဘာပြောနိုင်မည်နည်း...ဘာများပြောနိုင်မည်နည်း။

ထူးဆန်းပါပေ့ စင်ကာပူရယ်....

Tuesday, July 7, 2009

မှတ်မိနေသောကျောင်းပိတ်ရက်ရှည်

မှတ်မှတ်ရရ အဲဒီအချိန်က ကျွန်တော် တတိယတန်း တက်နေတုန်း ဘုမသိဘမသိ ကျောင်းတွေ ပိတ်လိုက်လို့ပျော်နေခဲ့တာ...မကြာပါဘူးအဖြစ်မှန်ကိုသိရတာပါပဲ။

“ဖေါင်း..ဖေါင်း...ဖေါင်း...ဖေါက်...ဖေါက်...ဖေါက်...” တခါမှ မကြားဘူးတဲ့ အသံမို့ မိုးခြိမ်းသံလိုထင်နေချိန်မှာပဲ “ဟဲ့ဟဲ့ ပစ်ကုန်ပြီ ၀ပ်ဝပ်” ဟုဆိုကာဂျပန့်တခေတ်လုံး စစ်အတွေ့အကြုံရှိခဲ့သောအဖွါးရဲ့ အတင်းဆွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်။ ဘုရားခန်းတွင် အဖွါးက ကျွန်တော်အားဖိရင်းဝပ် ထားသည်မှာ ယ္ခုချက်ချင်း စစ်သားများအိမ်အတွင်းသို့ဝင်လာမည့်ဟန် တုတ်တုတ်မျှမလှုပ်။ ခါးသက်သော စစ်၏ အတွေအကြုံများကသင်ပေးခဲ့ဟန်တူပါ၏။ အမှန်တော့ကျွန်တော်တို့အိမ်မှာ စစ်သားများ ရန်ကုန်သို့ ချီတက်သွားရာ လမ်းကြောင်းနှင့် အတန်လှမ်းပါသည်။ နယ်ခံလူငယ်များမှ စစ်သားများရန်ကုန်သို့ ချီတက်မည့် ရန်ကုန်-မန္တလေး လမ်းကို သစ်ပင်များလှဲ၍ ပိတ်သဖြင့်ပစ်ခတ်ခြင်းဖြစ်သည်။ ထိုနေ့ နေ့လယ်မှစ၍ ကျွန်တော့၏ ကျောင်း ကျောပိုးအိတ်ကလေးမှာလည်း အရေးပေါ်ကျောပိုးအိတ်လေး အဖြစ် အသွင်ပြောင်းသွားသည်။ ရေဘူးတဘူး ၊ အ၀တ်အစား တစုံ နှင့် စားစရာအချို့ကို ၎င်းကျောပိုးအိတ် အတွင်းထည့်ကာ တနေရာ၌ မှတ်မှတ် ရရထားစေ ပြီးအရေးပေါ်အခြေနေအတွက် အဆင်သင့်ဖြစ်စေခဲ့သည်။


ဖေဖေ့ကို ကြည်လိုက်ပြန်တော့လဲ အိနြေ္ဒမရပါ။ အိမ်ရှေခြံ တခါးဝသွားမျှော်လိုက် စိတ်မချစွာ အိမ်ထည်းပြန်ဝင်လာလိုက်နှင့် ဗျာများနေခဲ့သည်။ ဗျာများမည် ဆိုလည်းများ လောက်ပါသည်။ မေမေ၊ ကိုကို၊ မမ၊ သုံးယောက်လုံး အိမ်တွင်မရှိပါ။ မေမေ က ပါတီကိစ္စ နှင့် အပြင်ရောက်နေသည်။ ကိုကို က သစ်ပင်လှဲ သည့်အဖွဲ့ နှင့်ပါသွားပြီး ၊ မမ ကဒို့အရေးအော်သည့် အဖွဲ့ နှင့်ပါသွားသည်။ ဖေဖေ မှာ အစိုးရ၀န်ထမ်း ဖြစ်သော် လည်း ဇနီး နှင့် သားသမီးများယုံကြည်မှုအရလုပ်နေသော အလုပ်များအား တားမြစ်ခြင်း မပြုဘဲ တတ်နိုင် သည်ဘက်မှသာအကူအညီပေးလေ့ရှိသည်။ ထိုနေ့ကလဲ ကျွန်တော့အား အပြင်မထွက်ရန် မေမေ၊ကိုကို နှင့် မမ တို့အပြင်ရောက်နေ၍ ကျွန်တော့အတွက် ထပ်မံစိတ်မပူလိုကြောင်း ပျော့ပျော့ မြစ်သည်။ မမ ပြန်ရောက်လာသောအခါ အသံဝင်နေပြီဖြစ်ပြီး လည်ချောင်းနာကာ အစားပင်မစားနိုင်တော့ပေ။ ကိုကို ကတော့ ရွှံ့ အလိမ်းလိမ်း နှင့် ပြန်လာကာ သူ၏အတွေ့ အကြုံများအား စိတ်မကောင်းစရာပြောပြသည်။ သူ့ရှေ့မှပြေးသော သူများ ကျည်သင့်ကာနေရာ တွင်ပင် အတုန်းအရုံး ကျဆုံးရပုံ ၊ သူဆွဲနိုင်၍ ဆွဲခေါ်လာသော သူမှာလည်း ဆေးရုံသိုရောက်သော အခါဆုံးသွား ပုံ ၊ ဆေးရုံမှာလည်းပြစ်ခတ်ခံထားရ၍ အုတ်ထရံများပင် စကာပေါက်နီးပါး ဖြစ်သွားရပုံတို့ကို တောက်တခတ်ခတ်နှင့်ပြောပြသည်။



မငြိမ်သက်သော တိုင်းပြည်အခြေနေသည် သူခိုး၊ဓါးပြ တို့ ထကြွဖို့အခွင့်အရေးဖြစ်ရကာ၊ ရပ်ကွက် အတွင်းညှိုနှိုင်း၍ ကိုယ်ထူ ကိုယ်ထ အလှည့်ကျ ကင်းစောင့်ရန်စီစဉ်ကြရသည်။ လူသတ်လက်နှက်ဆို သည်မှာလည်း သာမာန် ပြည်သူ အဖို့ ရပေါက်ရလမ်း မရှိသည် ဖြစ်ရာ ကင်းသမားများ အသက်အန္တရယ် ကာကွယ် နိုင်ရန် လက်ဖြစ်လက်နှက် များဖြစ်သော ၀ါးချွန်၊ မှိန်း၊ ဓါး စသည်တို့ ကိုသာ ဆောင် ထားရသည်။ လမ်းတိုင်း တွင် ကင်းတဲများ၊ ကင်းစောင့် များရှိလာသော အခါ ထိုကင်းသမား များအတွက် ညနက်အောင် ဖွင့်သော သရေစာ ဆိုင်လေးများလည်း ပေါ်ပေါက်လာခဲ့သည်။ စီးပွါးရေး လုပ်ရန် ခေတ် အခါ မကောင်းသည့် အလျှောက် လူတော်တော်များများ မှာ ညဥ့် နက်သည့် တိုင် မအိပ်ကြပဲ ဟေလားဝါးလားနှင့် ခေတ်ပျက်ထဲတွင် ဖြစ်သလို ပျော်နေကြသည်။

ကျွန်တော်တို့ ကလေးများမှာလည်း ခေတ်ပျက် သည် မပျက်သည် ကို မသိပါ၊ စာလည်း ကျက်စရာ မလို ကစားချိန် လည်းပိုရ သဖြင့် အပျော်ကြီး ပျော်နေခဲ့ သည်။ အမှန် ကို သုံးသပ်ကြည့် မည် ဆိုလျှင် မူ တခဏမျှ ခေတ်ပျက်မှု၊ ပညာရေးကဏ္ဌအားလျှောက်ပတ်စွာ မြှင့်တင်ရာတွင် အားနည်းမှု တို့သည် မျိုးဆက် သစ်တို့ ဘက်ပေါင်းစုံ တိုးတက်ရေးတွင် များစွာ အဟန့် အတားဖြစ်ခဲ့ရပေသည်။