Tuesday, July 7, 2009

မှတ်မိနေသောကျောင်းပိတ်ရက်ရှည်

မှတ်မှတ်ရရ အဲဒီအချိန်က ကျွန်တော် တတိယတန်း တက်နေတုန်း ဘုမသိဘမသိ ကျောင်းတွေ ပိတ်လိုက်လို့ပျော်နေခဲ့တာ...မကြာပါဘူးအဖြစ်မှန်ကိုသိရတာပါပဲ။

“ဖေါင်း..ဖေါင်း...ဖေါင်း...ဖေါက်...ဖေါက်...ဖေါက်...” တခါမှ မကြားဘူးတဲ့ အသံမို့ မိုးခြိမ်းသံလိုထင်နေချိန်မှာပဲ “ဟဲ့ဟဲ့ ပစ်ကုန်ပြီ ၀ပ်ဝပ်” ဟုဆိုကာဂျပန့်တခေတ်လုံး စစ်အတွေ့အကြုံရှိခဲ့သောအဖွါးရဲ့ အတင်းဆွဲခေါ်ခြင်းကိုခံလိုက်ရပါတယ်။ ဘုရားခန်းတွင် အဖွါးက ကျွန်တော်အားဖိရင်းဝပ် ထားသည်မှာ ယ္ခုချက်ချင်း စစ်သားများအိမ်အတွင်းသို့ဝင်လာမည့်ဟန် တုတ်တုတ်မျှမလှုပ်။ ခါးသက်သော စစ်၏ အတွေအကြုံများကသင်ပေးခဲ့ဟန်တူပါ၏။ အမှန်တော့ကျွန်တော်တို့အိမ်မှာ စစ်သားများ ရန်ကုန်သို့ ချီတက်သွားရာ လမ်းကြောင်းနှင့် အတန်လှမ်းပါသည်။ နယ်ခံလူငယ်များမှ စစ်သားများရန်ကုန်သို့ ချီတက်မည့် ရန်ကုန်-မန္တလေး လမ်းကို သစ်ပင်များလှဲ၍ ပိတ်သဖြင့်ပစ်ခတ်ခြင်းဖြစ်သည်။ ထိုနေ့ နေ့လယ်မှစ၍ ကျွန်တော့၏ ကျောင်း ကျောပိုးအိတ်ကလေးမှာလည်း အရေးပေါ်ကျောပိုးအိတ်လေး အဖြစ် အသွင်ပြောင်းသွားသည်။ ရေဘူးတဘူး ၊ အ၀တ်အစား တစုံ နှင့် စားစရာအချို့ကို ၎င်းကျောပိုးအိတ် အတွင်းထည့်ကာ တနေရာ၌ မှတ်မှတ် ရရထားစေ ပြီးအရေးပေါ်အခြေနေအတွက် အဆင်သင့်ဖြစ်စေခဲ့သည်။


ဖေဖေ့ကို ကြည်လိုက်ပြန်တော့လဲ အိနြေ္ဒမရပါ။ အိမ်ရှေခြံ တခါးဝသွားမျှော်လိုက် စိတ်မချစွာ အိမ်ထည်းပြန်ဝင်လာလိုက်နှင့် ဗျာများနေခဲ့သည်။ ဗျာများမည် ဆိုလည်းများ လောက်ပါသည်။ မေမေ၊ ကိုကို၊ မမ၊ သုံးယောက်လုံး အိမ်တွင်မရှိပါ။ မေမေ က ပါတီကိစ္စ နှင့် အပြင်ရောက်နေသည်။ ကိုကို က သစ်ပင်လှဲ သည့်အဖွဲ့ နှင့်ပါသွားပြီး ၊ မမ ကဒို့အရေးအော်သည့် အဖွဲ့ နှင့်ပါသွားသည်။ ဖေဖေ မှာ အစိုးရ၀န်ထမ်း ဖြစ်သော် လည်း ဇနီး နှင့် သားသမီးများယုံကြည်မှုအရလုပ်နေသော အလုပ်များအား တားမြစ်ခြင်း မပြုဘဲ တတ်နိုင် သည်ဘက်မှသာအကူအညီပေးလေ့ရှိသည်။ ထိုနေ့ကလဲ ကျွန်တော့အား အပြင်မထွက်ရန် မေမေ၊ကိုကို နှင့် မမ တို့အပြင်ရောက်နေ၍ ကျွန်တော့အတွက် ထပ်မံစိတ်မပူလိုကြောင်း ပျော့ပျော့ မြစ်သည်။ မမ ပြန်ရောက်လာသောအခါ အသံဝင်နေပြီဖြစ်ပြီး လည်ချောင်းနာကာ အစားပင်မစားနိုင်တော့ပေ။ ကိုကို ကတော့ ရွှံ့ အလိမ်းလိမ်း နှင့် ပြန်လာကာ သူ၏အတွေ့ အကြုံများအား စိတ်မကောင်းစရာပြောပြသည်။ သူ့ရှေ့မှပြေးသော သူများ ကျည်သင့်ကာနေရာ တွင်ပင် အတုန်းအရုံး ကျဆုံးရပုံ ၊ သူဆွဲနိုင်၍ ဆွဲခေါ်လာသော သူမှာလည်း ဆေးရုံသိုရောက်သော အခါဆုံးသွား ပုံ ၊ ဆေးရုံမှာလည်းပြစ်ခတ်ခံထားရ၍ အုတ်ထရံများပင် စကာပေါက်နီးပါး ဖြစ်သွားရပုံတို့ကို တောက်တခတ်ခတ်နှင့်ပြောပြသည်။



မငြိမ်သက်သော တိုင်းပြည်အခြေနေသည် သူခိုး၊ဓါးပြ တို့ ထကြွဖို့အခွင့်အရေးဖြစ်ရကာ၊ ရပ်ကွက် အတွင်းညှိုနှိုင်း၍ ကိုယ်ထူ ကိုယ်ထ အလှည့်ကျ ကင်းစောင့်ရန်စီစဉ်ကြရသည်။ လူသတ်လက်နှက်ဆို သည်မှာလည်း သာမာန် ပြည်သူ အဖို့ ရပေါက်ရလမ်း မရှိသည် ဖြစ်ရာ ကင်းသမားများ အသက်အန္တရယ် ကာကွယ် နိုင်ရန် လက်ဖြစ်လက်နှက် များဖြစ်သော ၀ါးချွန်၊ မှိန်း၊ ဓါး စသည်တို့ ကိုသာ ဆောင် ထားရသည်။ လမ်းတိုင်း တွင် ကင်းတဲများ၊ ကင်းစောင့် များရှိလာသော အခါ ထိုကင်းသမား များအတွက် ညနက်အောင် ဖွင့်သော သရေစာ ဆိုင်လေးများလည်း ပေါ်ပေါက်လာခဲ့သည်။ စီးပွါးရေး လုပ်ရန် ခေတ် အခါ မကောင်းသည့် အလျှောက် လူတော်တော်များများ မှာ ညဥ့် နက်သည့် တိုင် မအိပ်ကြပဲ ဟေလားဝါးလားနှင့် ခေတ်ပျက်ထဲတွင် ဖြစ်သလို ပျော်နေကြသည်။

ကျွန်တော်တို့ ကလေးများမှာလည်း ခေတ်ပျက် သည် မပျက်သည် ကို မသိပါ၊ စာလည်း ကျက်စရာ မလို ကစားချိန် လည်းပိုရ သဖြင့် အပျော်ကြီး ပျော်နေခဲ့ သည်။ အမှန် ကို သုံးသပ်ကြည့် မည် ဆိုလျှင် မူ တခဏမျှ ခေတ်ပျက်မှု၊ ပညာရေးကဏ္ဌအားလျှောက်ပတ်စွာ မြှင့်တင်ရာတွင် အားနည်းမှု တို့သည် မျိုးဆက် သစ်တို့ ဘက်ပေါင်းစုံ တိုးတက်ရေးတွင် များစွာ အဟန့် အတားဖြစ်ခဲ့ရပေသည်။